Eleven Media Group

တောင်ငူမြို့တွင် ဗိုလ်ကြီးအယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းများ စုဆောင်းနေသူအား ဓားများနှင့်အတူ ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ဗိုလ်ကြီးအယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းများ စုဆောင်းနေသူ အမျိုးသားတစ်ဦးအား ဓားများ၊ ဖုန်းများ၊ မော်တော်ယာဉ်တစ်စီးတို့နှင့်အတူ စက်တင်ဘာ ၁၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

တောင်ငူမြို့တွင် ဗိုလ်ကြီး စည်သူဖြိုး(ခ)ဖြိုးစည်သူ အမည်ဖြင့် ပြည်သူ့စစ်မှုထမ်းများ စုဆောင်းနေကြောင်း သတင်းရရှိသဖြင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စုံစမ်းစစ်ဆေးရာတွင် နယ်မြေခံတပ်နယ်ဘက်မှ အဆိုပါအမည်ဖြင့် ဗိုလ်ကြီးတစ်ဦး တပ်နယ်မြေအတွင်း မရှိကြောင်း သိရသဖြင့် ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စုံစမ်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိများနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဆက်လက်စုံစမ်းခဲ့ရာ စက်တင်ဘာ ၁၁ ရက် နံနက် ၁ နာရီခွဲခန့်တွင် ဗိုလ်ကြီးအယောင်ဆောင်သူဟုဆိုသူ စည်သူဖြိုး(ခ)ဖြိုးစည်သူမှာ တောင်ငူမြို့၊ ရပ်ကွက်(၂၀)ရှိ Global Grace ဟိုတယ် အနှိပ်ခန်းတွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ရှာဖွေရာတွင် စည်သူဖြိုး(ခ)ဖြိုးစည်သူမှာ အိပ်ခန်းအတွင်း တစ်ဦးတည်းအိပ်နေသည်ကို တွေ့ရှိခဲ့ပြီး အိပ်ရာဘေးရှိ TASHANHU စာတမ်းပါ စစ်စိမ်းရောင်လွယ်အိတ်အတွင်းမှ အနီရောင်ကြိုးပတ်ထားသည့် အရိုးအသွား ၁ ပေခန့်ရှိ ဓားတစ်ချောင်းကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ၎င်းမောင်းနှင်လာသည့် YGN-12၊ 6E/9996 KLUGER အနက်ရောင်မော်တော်ယာဉ်၏ ရှေ့ခန်းယာဘက်အတွင်းမှ ဓားအိမ်အနက်ပြာရောင်ဖြင့် အရိုးအသွား ၂ ပေခွဲခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်း၊ မောင်ငြိမ်းဖြိုးအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်တစ်ခု၊ မောင်ငြိမ်းချမ်းအမည်ပါ ခလိုင်စင်တစ်ခု၊ မိုဘိုင်းဖုန်း ၂ လုံးနှင့် မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးရမိသူ မောင်ငြိမ်းဖြိုး(ခ)စည်သူဖြိုး(ခ)ဖြိုးစည်သူမှာ အသက် ၂၉ နှစ်၊ အရောင်းအဝယ်လုပ်ကိုင်သူ၊ ပဲချက်ကုန်းရွာ၊ တောင်ငူမြို့နယ်နေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူထံမှသိရသည်။

“မြို့ပေါ် မှာ လုပ်စား​နေတာ ကြာပါပြီ၊ ဒ်ီကိစ္စကို ဘယ်သူမှလည်း ဘာမှမပြောရဲကြဘူးဖြစ်နေတာ၊ တောင်ငူက ဂရု​တွေ၊ page တွေမှာ ပေါ်တာအဆွဲခံရတယ်ဆိုပြီး မကြာခဏ တွေ့တွေ့နေရတာလေ၊ ဘယ်သူမှ စိတ်မချမ်းသာရဘူး၊ အခုလို ဖမ်းပေးတာကို ကျေးဇူးတင်ပါတယ်၊ နောက်ထပ်ရှိနေသေးရင်လည်း ဖမ်းပေးစေချင်ပါတယ်” ဟု တောင်ငူ မြို့ခံတစ်ဦးကဆိုသည်။

ဖမ်းဆီးရမိသည့် စည်သူဖြိုး(ခ)ဖြိုးစည်သူအား တောင်ငူမြို့မရဲစခန်းမှ (ပ) ၇၃/၂၀၂၆၊ ပုဒ်မ ၃၆၅ ဖြင့် အမှုဖွင့်ထားကြောင်း၊ ဗိုလ်ကြီးအယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းများ စုဆောင်းခြင်းအပြင် အခြားပြစ်မှုများ ကျူးလွန်ထားခြင်းရှိ၊ မရှိ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group