
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့သည့် ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့တွင် လော်ဝေါ်နှင့် လီဆူတိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံပွဲတွင် လူမျိုးအမည်မှန်များ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
လော်ဝေါ်တိုင်းရင်းသားများက ဝိုင်းမော်မြို့ လော်ဝါးဇောင်းခေါင် အောက်မေ့ဖွယ် ဗိမ္မာန်တော်၌ လော်ဝေါ်မျိုးနွယ်စုများ တွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာ ၁၀ ရက်က ကျင်းပရာ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဖြစ်သူ ဦးလမောင်ဂျုံးဒိုင်က တင်ပြခဲ့ခြင်းဖြစ်သည်။
ယင်းက လော်ဝေါ်တိုင်းရင်းသားများကို '' လော်ဂေါ်နှင့် မရူ'' စသည့် အခြားအမည်များဖြင့် ခေါ်ဝေါ်နေကြကြောင်း၊ ယင်းအသုံးအနှုန်းများကို ပယ်ဖျက်ပေးနိုင်ရေး နိုင်ငံတော်အကြီးအကဲများထံ တင်ပြတောင်ဆိုထားကြောင်း ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ''လော်ဝေါ် အမည်တစ်ခုတည်းသာ သုံးစွဲခေါ်ဝေါ်နိုင်ရေး ဥပဒေ၊ လုပ်ထုုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး၊ အထက်အဆင့်ဆင့်သို့ တင်ပြနိုင်ရန် ကူညီခဲ့ပါကြောင်း၊ သိုမှသာ မိမိတိုင်းရင်းသားတို့၏ အမှန်ခေါ်ဝေါ်သုံးစွဲကြနိုင်ကြမည်ြဖစ်ကြောင်း၊ နိုင်ငံတော်ကလည်း တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်အညီ အတည်ပြုသတ်မှတ် ပေးမည်ဟု ယုံကြည်ပါကြောင်း ဖြေကြားခဲ့သည်။
လော်ဝေါ်စာပေနှင် ယဉ်ကျေးမှုအဖွဲ့ နာယက ဖြစ်သူ ဦးဘီထောဇောင်းက မှတ်ပုံတင်များတွင် လူမျိုးအမည်နာမများ အမျိုးမျိုးဖြစ်နေကြောင်း၊ အခြားသော နေရာများတွင် လော်ဝေါ်တိုင်းရင်း
သားများကို အမည်နာမ အမျိုးမျိုး ခေါ်တွင်နေသည်မှာ မဖြစ်သင့်ပါကြောင်း၊ ယင်းကိစ္စရပ်အတွက် လောဝေါ်တိုင်းရင်းသားများ စုပေါင်းက ဆောင်းရွက်ခဲ့ရကြောင်း၊ မျိုးနွယ်စု အမည်မှန် ခေါ်ဝေါ်နိုင်ရေး ကြိုးပမ်းမှုအပေါ် ကြိုဆိုကြောင်း တင်ပြခဲ့သည်။
လီဆူတိုင်းရင်းသားများကလည်း စက်တင်ဘာ ၁၁ ရက်က မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ်ကွက်ရှိ လီဆူ ရိုးရာယဉ်ကျေးမှုကွင်း အတွင်းရှိ ခန်းမတွင် ''လီဆူ'' အမည်မှန် သတ်မှတ်နိုင်ရေးအတွက် မျိုးနွယ်စုများ တွေ့ဆုံပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းပွဲသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ပြီး တိုင်းရင်းသားမျိုးနွယ်စု အမည်မှန် သတ်မှတ်နိုင်ရေး၊ နည်းလမ်းတကျဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ခင် စည်းလုံးမှုကို မထိခိုက်စေဘဲ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြုသတ်မှတ်နိုင်ရေး တင်ပြဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ကလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ကချင်ပြည်နယ်တွင် လီဆူတိုင်းရင်းသားများကို ''လီဆူး''ဟု အခြားတိုင်းရင်းသား လူထုက ခေါ်ဝေါ်နေကြဆဲဖြစ်ပြီး အသက်ကြီးပိုင်း မြစ်ကြီးနားသားများက ယောရင်၊ ယော်ရင် ဟု အခြားအမည်များဖြင့်လည်း ခေါ်ဝေါ်နေကြဆဲဖြစ်သည်။
ကချင်မျိုးနွယ်စု ခြောက်မျိုးသာထားရှိဖို့ ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီက ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အကြိမ် ၂၀ မြောက်ပုံမှန်အစည်းအဝေးတွင် အစီရင်ခံခဲ့သည်။
တိုင်းရင်းသားရေးရာကော်မတီက ကချင်မျိုးနွယ်စု ခြောက်မျိုးမှ စာပေနှင့်ယဉ်ကျေးမှု ကော်မတီအဖွဲ့များနှင့်တွေ့ဆုံကာ အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၁၉၅၅ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တရားရေးဝန်ကြီးဌာန ရွေးကောက်ပွဲ ဌာနခွဲမှ ထုတ်ပြန်သည့်
အထူးအမိန့်ပြန်တမ်းတွင် ဂျင်းဖော့၊အဇီး၊လရှီ၊မရူ၊ယောရင်(လီဆော)၊နုံ(ခနုံ-ရဝမ်)တို့ကို ကချင်လူမျိုးတွင် အပါအဝင်ဖြစ်သည်ဟူ၍ ၁၉၄၈ ခုနှစ် ပါလီမန်ရွေးကောက်ပွဲ ၊ဥပဒေ ပုဒ်မ ၂၊အပိုဒ် (ဂ)အရ နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာချက်ကို အတည်ယူကြရန် ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဌဖြစ်သူ ဦးဆွမ်ဒူနော်အောင်က တင်ပြခဲ့သည်။
ယင်းက ''ကချင်ဆိုတာ ဂျိမ်းဖော်ပဲ ပြောတဲ့အခါ အခြားတိုင်းရင်းသားတွေက ပြည်နယ်မဲ့တဲ့လူမျိုးတွေဆိုပြီး ဝမ်းနည်းကြမှာပေါ့။အဲဒါကို ဘယ်ဥပဒေမှာမှ ကျတော်ရှာမတွေ့ပါဘူး။ အဖွဲ့ခြောက်ဖွဲ့ကို ကွင်းဆင်းပြီး ကချင်ခြောက်မျိုးဖြစ်ကြောင်း အတည်ပြုချက်ယူပြီးသားပါ။ဂျိန်းေဖာကတော့ သဘောတူတယ်လိုမပြောသလို၊မတူဘူးလို့ လည်းမပြောဘူး။၁၉၅၅ အထူးပြန်တမ်းအရ ကချင်ခြောက်မျိုးဖြစ်ကြောင်း ဆက်လက်ကျင့်သုံးရန် သင့်ပါကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
ကချင်မျိုးနွယ်စုဝင် လူမျိုးစုများ၏ တိကျမှန်ကန်သော မျိုးနွယ်စု အမည်စာရင်းများကို စီစစ်အတည်ပြု ပြဌာန်းနိုင်ရန် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ဆဌမပုံမှန်ကချင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။ ကချင်မျိုးနွယ်စုအချင်းချင်းတွင် မျိုးနွယ်ခြောက်ခုသာ လက်ခံကျင့်သုံးနေသော်လည်း အစိုးရစာရင်းများတွင် (၆)မျိုး၊(၈)မျိုး၊ (၁၂)အထိ အသီးသီးရှိနေသဖြင့် ယခုအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်တွင် တင်ပြခဲ့သည်။
ကချင်မျိုးနွယ်စုဝင်လူမျိုးစုများ၏ အမည်များ တိကျစွာပြဌာန်းထားမှု့မရှိခြင်း၊ မျိုးနွယ်စုအမည်စာရင်းများနှင့် လူမျိုးအမည်များမှာ နိုင်ငံတော် စီစစ်ရေးကဒ်ပြား မှတ်ပုံတင်များတွင် ရှူပ်ထွေးနေခြင်း၊နိုင်ငံတော်မှ ထုတ်ပြန်ရာတွင် လူမျိုးနှင့် မျိုးနွယ်စုအမည်များ ဝေါဟာရ ရောထွေးနေခြင်း၊ ကချင်ပြည်နယ်တွင် နေထိုင်သည့် ရှမ်းတိုင်းရင်းသားများ ငါးမျိုးတွင်လည်း အမည်ကွဲများ ရှိနေခြင်း စသည့် ကိစ္စရပ်များမှာ မငြင်းပွားနေဆဲဖြစ်သည်။
ကချင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်က ကောက်ယူထားသည့် သန်းခေါင်းစာရင်းအရ လူဦးရေ ၁၈၈၉၄၄၁ ဦးနေထိုင်ပြီး ဗမာ ၄၆၇၂၀၀ ဦး ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ ရှမ်း ၃၇၇၆၀၀ ဦး ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ ဂျိန်းဖော ၃၀၃၅၂၀ ဦး ၁၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ လီဆူ ၁၁၂၀၀၀ ဦး ၇ ရာခိုင်နှုန်း၊ ရဝမ် ၈၈၀၀၀ ဦး ၅ ဒသမ ၅ ရာခိုင်နှုန်း၊လော်ဝေါ် ၅၃၂၈၀ ဦး ၃ ဒသမ ၅ ရာခိုင်နှုန်း၊ လာချိဒ် ၄၅၂၀၀ ဦး ၂ဒသမ ၈၃ ရာခိုင်နှုန်း၊ ဇိုက်ဝါး ၂၅၁၂၀ ဦး ၁ဒသမ ၅၇ ရာခိုင်နှုန်း၊ ကျန်လူမျိုး ၁၂၈၀၀၀ ဦး ၈ ရာခိုင်နှုန်း နေထိုင်ကြောင်း NCA တတိယအကြိမ် ညီလာခံမှ သိရသည်။