
ထိုင်းနိုင်ငံ၏ ဒုတိယဘဏ္ဍာရေးဝန်ကြီးဟောင်း ဗိုရာပက် တန်ယာဝုန်နှင့်အခြားလူ ၂၅ ဦးတို့ကို အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးခဝါချမှုကွန်ရက်များနှင့် ဆက်နွယ်မှုရှိ၊ မရှိ စစ်ဆေးဖော်ထုတ်ပေးရန် အမေရိကန်လွှတ်တော်အမတ်နှစ်ဦးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ထံ တောင်းဆိုထားသည်။
ဗိုရာပက်သည် ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာတွင် ရာထူးမှနုတ်ထွက်ခဲ့သည်။ တောင်အာဖရိကဖွား စီးပွားရေးသမား ဘန်ဂျမင် မော်ရာဘာဂါ ဦးဆောင်သည့်ကွန်ရက် ထိုင်းနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍအတွင်း ဝင်ရောက်လာနိုင်ရန် ဗိုရာပက်က ကူညီပေးခဲ့ကြောင်း၊ ၎င်း၏ဇနီးက အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ သန်းတန်ဖိုးရှိ ခရစ်ပ်တိုငွေကြေး လက်ခံရရှိခဲ့ကြောင်း Whale Hunting မီဒီယာက စွပ်စွဲဖော်ပြခဲ့ပြီးနောက် နုတ်ထွက်သွားခြင်းဖြစ်သည်။
ဗိုရာပက်က ထိုစွပ်စွဲချက်များကို ငြင်းခဲ့ပြီး ထိုသတင်းဌာနမှ ဂျာနယ်လစ် တွမ်ရိုက်ကို အသရေဖျက်မှုဖြင့် တရားပြန်စွဲခဲ့သည်။
အမေရိကန်လွှတ်တော်အမတ်များဖြစ်သည့် ဘရိုင်ယန် မတ်စ်နှင့် ဂျွန်မူလီနာတို့ တင်ပြထားသည့် အမည်စာရင်းတွင် ဗိုရာပက်နှင့် ဘန်ဂျမင် မော်ရာဘာဂါ တို့အပြင် ယင်လိခ်(ကွန်ရက်အတွက် နိုင်ငံရေးနှင့် ဘဏ္ဍာရေးပိုင်းတွင် ကြားခံကူညီပေးသူဟု စွပ်စွဲခံထားရသည့် ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းရှင်)၊ ယူဂျင်တန် (ကွန်ရက်၏ ငွေကြေးများကို လွှဲပြောင်းရွှေ့ပြောင်းရာတွင် ကူညီပေးခဲ့သည်ဟု စွပ်စွဲခံထားရသူ စင်ကာပူ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ မန်နေဂျာ)၊တန့်ဖီပင်း (အမေရိကန်က ပိတ်ဆို့အရေးယူထားသည့် Zhengheng Group ကို ပိုင်ဆိုင်သူ တရုတ်နိုင်ငံသား) နှင့် ဟွန်တို (ကမ္ဘောဒီးယားအာဏာရမိသားစုနှင့် ဆွေမျိုးတော်စပ်ပြီး Huione Pay ၏ ဒါရိုက်တာ) တို့ ပါဝင်နေသည်။ Huione Pay ၏ မိခင်ကုမ္ပဏီသည် တရားမဝင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာကို ငွေကြေးခဝါချခဲ့သည်ဟု အမေရိကန်ဘက်က စွပ်စွဲခံထားရသည်။
အမတ်နှစ်ဦးက အမည်စာရင်းပါ ပုဂ္ဂိုလ်များသည် ပိတ်ဆို့အရေးယူခံရနိုင်သည့် အခြေအနေများနှင့် ကိုက်ညီမှုရှိ၊ မရှိကို ရက်ပေါင်း ၁၈၀ အတွင်း စိစစ်ဆုံးဖြတ်ပေးရန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်တို့ထံ တောင်းဆိုထားသည်။
Ref: Thai Enquirer
Photo: Bangkok Post