
ဆူဒန်မြောက်ပိုင်း၌ ရွှေတွင်းပြိုကျခဲ့သဖြင့် အနည်းဆုံးလူ ၆၀ ခန့် သေဆုံးခဲ့သည်ဟုအသက်ရှင်ကျန်ရစ်သူနှစ်ဦးက စက်တင် ဘာ ၁၆ရက်တွင် AFP သတင်းဌာနကိုပြောကြားသည်။
ဆူဒန်စစ်တပ်နှင့် ဆူဒန်၏ခြေလျင်အကူလက်ရုံးတပ်(RSF)တို့ ၂၀၂၃ ခုနှစ် ဧပြီတွင် စစ်ဖြစ်ပွားကတည်းက နှစ်ဘက်စလုံး၏ စစ်ရေးကြိုးပမ်းအားထုတ်မှုများကိုနိုင်ငံ၏ ဒေါ်လာဘီလျံချီတန်ကြေးရှိသည့် ရွှေရောင်းဝယ်ဖောက်ကားမှုများမှရရှိသည့် ငွေများဖြင့်အဓိကပံ့ပိုးခဲ့ကြခြင်းဖြစ်သည်။
ဆူဒန်တာဝန်ရှိသူများနှင့်သတ္တုတူးဖော်ရေးလုပ်ငန်းရှိ သတင်းအရင်းအမြစ်များ၏ပြောကြားချက်အရ ဆူဒန်မှတင်ပို့သောရွှေ သို့မဟုတ် ဆူဒန်မှမှောင်ခိုထုတ်သောရွှေအားလုံးနီးပါးသည် ယူအေအီးနိုင်ငံသို့ရောက်ရှိသွားသည်ဟု သိရသည်။ ယူအေအီးက RSF ကို လက်နက်တပ်ဆင်ပေးနေ သည်ဆိုသောသတင်းများကို ပယ်ချထားသည်။
ပြည်သူအများစုမှာ အလုပ်အကိုင်မရှိသည့်အနေအထားတွင်ဆူဒန်လူငယ်အများအပြားသည် အန္တရာယ်များသည့်ရွှေတူးဖော်မှုများကို လုပ်ဆောင်နေကြသည်။ အထူးသဖြင့် သူတို့သည် အနောက်ကော်ဒို ဖန်ရှိ အယ်ဇာရားရွှေတွင်းလို စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်ခြင်းမရှိသော ရွှေတွင်းများတွင် လုပ်ကိုင်လျက်ရှိသည်။
စက်တင်ဘာ ၁၅ ရက်တွင် တွင်းထဲ၌ စတင်ပြိုကျခဲ့သည်ဟု ဆိုသည်။ ပြိုကျချိန်တွင် မြေအောက်၌ တစ်နိုင်တစ်ပိုင် လုပ်နေသောရွှေတူးသူ ဒါဇင်ချီရှိနေသည်ဟု ဆိုသည်။ နောက်တစ်နေ့နံနက်တွင် ရုပ်အလောင်း ၆၀ ကို ပြန်လည်ရရှိခဲ့သည်။အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သည့်ခါရာအယ်ဆေးယက်က"အထဲမှာလူဘယ်လောက်ကျန်နေသလဲဆိုတာကိုကျွန်တော်တို့မသိပါဘူး"ဟု AFP ကို ပြောကြားခဲ့သည်။ ဘဝတူ ရွှေတူးသူများက ၎င်းတို့ရွှေကျင်ရာတွင်သုံးသော သာမန်ပစ္စည်းများဖြင့်ပင် ကယ်ဆယ်ရေးကို တစ်ညလုံး လုပ်နေသည်ဟု ဆိုသည်။
"လူတိုင်းဟာ အလောင်းတွေပြန်ရဖို့ ဒါမှမဟုတ် အသက်ရှင်သူမှန်သမျှကိုပြန်ရဖို့ပြင်းပြင်းထန်ထန် အလုပ်လုပ်နေကြတာပါ။ဒါပေမဲ့ခက်ခဲပါတယ်။ ကျောက်တုံးကြီးတွေနဲ့မြေကြီးတွေကိုရှင်းလင်းဖို့ကျွန်တော်တို့ဟာစက်ယန္တရားကြီးတွေလိုအပ်နေပါတယ်"ဟု သူကဆက်လက်ပြောကြားခဲ့သည်။
Ref:AFP