
နေပြည်တော်၊ စက်တင်ဘာ ၁၈
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြိုင်ပွဲတစ်ခုအဖြစ်သာမက မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်သည့် အမျိုးသားရေးလုပ်ငန်းတစ်ရပ်အဖြစ် ခံယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ယမန်နေ့ကပြောကြားသည်။
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း ထိန်းသိမ်းပေးနိုင်ရေး၊ အမျိုးသားယဉ်ကျေးမှုစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ရေးနှင့် မြန်မာ့ရိုးရာအနုပညာများ ရေရှည်ရှင်သန် ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် အမျိုးသားရေးဆိုင်ရာ ဆောင်ရွက်ချက် တစ်ရပ်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီအတွင်းရေးမှူး၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားမှုလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးကြကြောင်း သိရသည်။
#News #Myanmar