Myanmar National Post

ကုလညီလာခံ လာတက်မယ့် ပါလက်စတိုင်းသမ္မတကို အမေရိကန်က ပြည်ဝင်ခွင့်မပေး


စက်တင်ဘာ - ၁၈ (သောကြာနေ့ ) 

နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့အတွက် ပါလက်စတိုင်းသမ္မတ မာမွတ် အက်ဘတ်စ် ကို အမေရိကန်ပြည်ထောင်စုက နှစ်နှစ်ဆက်တိုက် ဗီဇာပိတ်ပင် ငြင်းပယ်လိုက်ပါတယ်။

ဒီလို ပိတ်ပင်လိုက်တာကတော့ ဝါရှင်တန်အနေနဲ့ ဟားမတ်စ်အဖွဲ့နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ ဆက်လုပ်နေပြီး အစ္စရေးခေါင်းဆောင်တွေကိုတော့ အဲဒီလို ကန့်သတ်ချက်မျိုး ဘာမှချမှတ်မထားတဲ့ အချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) နဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) တို့ဟာ ပြုပြင်ပြောင်းလဲမှု တွေ မလုပ်နိုင်ခဲ့ဘဲ "ငြိမ်းချမ်းရေးအတွက် အလားအလာတွေကို ထိခိုက်ပျက်ပြားစေတဲ့" လုပ်ရပ်တွေကို လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ အထူးသဖြင့် နိုင်ငံတကာ တရားရုံးတွေမှာ အစ္စရေးကို တရားစွဲဆိုဖို့ ကြိုးပမ်းတာ၊ နိုင်ငံအဖြစ် အသိအမှတ်ပြုခံရဖို့ ပိုမိုကျယ်ပြန့်စွာ ရှာဖွေတာနဲ့ အစ္စရေးရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရတဲ့ ပါလက်စတိုင်းတွေအတွက် ထောက်ပံ့ကြေးပေးတာတွေကို ဆက်လုပ်နေတာကို ဝါရှင်တန်က ကန့်ကွက်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် ဝါရှင်တန်နဲ့ ကုလသမဂ္ဂတို့ကြားမှာ နောက်တစ်ကြိမ် ထပ်ပြီး သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်က အမေရိကန်ဘက်က ဒီလိုပဲ ဗီဇာပိတ်ပင်ခဲ့ချိန်မှာ အထွေထွေညီလာခံက မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အမေရိကန်နဲ့ အစ္စရေးတို့က ကန့်ကွက်ခဲ့ကြပေမဲ့ အက်ဘတ်စ်အနေနဲ့ ဗီဒီယိုကနေတစ်ဆင့် မိန့်ခွန်းပြောကြားခွင့်ရဖို့ ၁၄၅ မဲ၊ ၅ မဲနဲ့ အတည်ပြုပေးခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့ ပါလက်စတိုင်း အရာရှိတွေ နယူးယောက်မြို့ကို မရောက်ရှိအောင် တားဆီးခြင်းအားဖြင့် ကုလသမဂ္ဂ ရုံးချုပ်ရှိရာ အိမ်ရှင်နိုင်ငံတစ်နိုင်ငံအနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို အမေရိကန်က ချိုးဖောက်နေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောဆိုခဲ့ပါတယ်။


REF: RT

#News #Myanmar 

မူရင်းသတင်း — Myanmar National Post