
နန့်စန်မြို့နယ်၊ ကုန်းယောင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသည့် တရုတ် နိုင်ငံသား ၁၀ ဦး အပါအဝင် ၅၀ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ် အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီး အောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများ အား ရှာဖွေဖော်ထုတ် တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နန့်စန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှု ကျူးလွန်သူများ နေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါမြို့နယ်အတွင်း စုံစမ်းရှာဖွေဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၇ ရက် နံနက် (၉)နာရီခန့်တွင် နန့်စန်မြို့နယ်၊ကုန်းယောင်ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၁၅ဝဝခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်နေသည့် တရုတ် နိုင်ငံသား အမျိုးသား (၉)ဦး၊ အမျိုးသမီး တစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား(၂၆)ဦး၊ အမျိုးသမီး (၁၄) ဦး၊ စုစုပေါင်း ၅ဝဦးတို့အား အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ အလုပ်ရုံ (သက်ကယ်မိုး/အုတ်ကာ) အဆောက်အအုံ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၂၀ ပေ၊ အလုပ်သမားတန်းလျား(သက်ကယ်မိုး/ပျဉ်ကာ) အဆောက်အအုံ ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ လူနေဆောင် (သွပ်မိုး/အုတ်ကာ) အဆောက်အအုံ ၂ လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ (သွပ်မိုး/သွပ်ကာ) စားချက်ဆောင် ၁ လုံး၊ Star Link ၂၀ စုံ၊ Laptop ၂၅ လုံး၊ ALL In One Computer ၂၀ လုံး၊ ဖုန်းမျိုးစုံ ၂၁၇ လုံး၊ System ပုံး ၉ လုံး၊ Printer ၂ လုံး၊ ရေခဲသေတ္တာ ၁ လုံး၊ Freezer ၁ လုံး၊ ထိုင်ခုံမျိုးစုံ ၅၀ လုံး၊ မီးစက် (အကြီး) ၁ လုံး၊ အလျား ၃ ပေ၊ အနံ ၆ ပေ စားပွဲ ၁၅ လုံး၊ ပန်ကာ ၄ လုံးတို့နှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။