
စက်တင်ဘာ - ၁၈ ( သောကြာနေ့ )
သမ္မတ ဗလာဒီမာပူတင်က ရုရှားနိုင်ငံကို အနောက်နိုင်ငံတွေကနေ တင်သွင်းတဲ့ စားသောက်ကုန် ပိတ်ပင်တားမြစ်ချက်ကို ၂၀၂၈ ခုနှစ် အဆုံးအထိ သက်တမ်းတိုးလိုက်ပါပြီ။ ဒီအစီအမံကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်က အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပထမဆုံး စတင်ကျင့်သုံးခဲ့တာဖြစ်ပြီး၊ အဲဒီအမိန့်ကြော်ငြာစာကို ကြာသပတေးနေ့က ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်မှာ တင်ခဲ့တာပါ။
ဒီပိတ်ပင်တားမြစ်ချက်တွေကို ၂၀၁၄ ခုနှစ် သြဂုတ်လမှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ကရိုင်းမီးယားဒေသ ရုရှားဖက်ဒရိတ်ရှင်းထဲ ဝင်ရောက်ရေး ဆန္ဒခံယူပွဲကို အသိအမှတ်မပြုဘဲ ရုရှားအပေါ် ပိတ်ဆို့အရေးယူခဲ့တဲ့ အနောက်နိုင်ငံတချို့ကို လက်တုံ့ပြန်တဲ့အနေနဲ့ လုပ်ခဲ့တာပါ။ အဲဒီမတိုင်ခင် နှစ်အစောပိုင်းက ကိယက်ဗ်မြို့မှာ အနောက်နိုင်ငံတွေ ကျောထောက်နောက်ခံပေးထားတဲ့ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ရုရှားစကားပြောကြတဲ့ လူဦးရေအများစုက အဲဒီ ပင်လယ်နက်ဒေသဖြစ်တဲ့ ကရိုင်းမီးယားကို ယူကရိန်းဆီကနေ ခွဲထွက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ရုရှားရဲ့ ပိတ်ပင်ချက်တွေကတော့ အမေရိကန်၊ ဥရောပသမဂ္ဂ (အီးယူ)၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်၊ နော်ဝေ၊ ယူကရိန်း၊ အယ်လ်ဘေးနီးယား၊ မွန်တီနီဂရိုး၊ အိုက်စလန်နဲ့ လီချင်စတိုင်းတို့က တင်သွင်းလာ တဲ့ ကုန်ပစ္စည်းတွေအပေါ် သက်ရောက်မှုရှိပါတယ်။ တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေထဲမှာ အသား၊ ပင်လယ်စာ၊ နို့ထွက်ပစ္စည်း၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်ပါတယ်။ ထိခိုက်ခံရတဲ့ နိုင်ငံအများစုကို တော့ ရုရှားအစိုးရက "ရန်လိုတဲ့နိုင်ငံတွေ" လို့ တရားဝင် သတ်မှတ်ထားပါတယ်။
ဒီလို ကုန်စည်တင်သွင်းမှု ပိတ်ပင်ထားတာကြောင့် ပြည်တွင်းထုတ်လုပ်မှုကို အားပေးနိုင်ခဲ့သလို ဆားဘီးယားလိုမျိုး အနောက်နိုင်ငံမဟုတ်တဲ့၊ မိတ်ဆွေဖြစ်တဲ့နိုင်ငံတွေက ကုန်အမှတ်တံဆိပ်တွေ ပိုပြီးဝင်လာအောင် ဆွဲဆောင်နိုင်ခဲ့တယ်လို့ မော်စကိုဘက်က ပြောဆိုထားပါတယ်။
ဒီလို သက်တမ်းတိုးလိုက်တာကတော့ အတ္တလန်တစ်သမုဒ္ဒရာရဲ့ နှစ်ဖက်စလုံးမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေ အနေနဲ့ ပုံမှန်မဟုတ်ဘဲ အလွန်အမင်း ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဒဏ်ကို ရင်ဆိုင်နေရတဲ့ အချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမျိုးသား သမုဒ္ဒရာနှင့် လေထု အုပ်ချုပ်ရေးဌာန (NOAA) ရဲ့ ဖော်ပြချက်အရ အမေရိကန်ပြည်ထောင်စုမှာ သမိုင်းတစ်လျှောက် အပူဆုံး ရာသီဥတုစံချိန်တင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်မကြီးတစ်ဝန်းမှာ မိုးခေါင်ရေရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။
အလားတူပဲ ဥရောပသမဂ္ဂရဲ့ ကော်ပါးနိကတ်စ် ရာသီဥတုပြောင်းလဲမှု လေ့လာရေးဌာန အဆို အရ အနောက်ဥရောပမှာလည်း သမိုင်းတစ်လျှောက် အပူဆုံးနွေရာသီကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ့ အပူလှိုင်းဒဏ်နဲ့ မိုးခေါင်ရေရှားမှုတွေကြောင့် အဓိကကျတဲ့ ဥရောပသမဂ္ဂရဲ့ နွေရာသီ သီးနှံထွက်နှုန်း ခန့်မှန်းချက်တွေဟာ လွန်ခဲ့တဲ့ ငါးနှစ်ပျမ်းမျှထက် ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ ဥရောပကော်မရှင်ရဲ့ ပူးတွဲသုတေသနစင်တာက ဆိုပါတယ်။
အစွန်းရောက် ရာသီဥတုဒဏ်ကြောင့် ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်တို့က အာလူးသီးနှံ ရိတ်သိမ်းမှုတွေမှာ ယူရို ၄၉၈ သန်းကနေ ၈၁၈ သန်းကြား (အမေရိကန်ဒေါ်လာ ၅၇၂ သန်းကနေ ၉၄၀ သန်းကြား) ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိတယ်လို့ ဗြိတိန်အခြေစိုက် စွမ်းအင်နှင့် ရာသီဥတုဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ က ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
REF: RT
#News #Myanmar