Myanmar National Post

စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့သားကောင်းများအား ပြည်သူ့ စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ပုံစံ(၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်ဂုဏ်ပြုချီးမြှင့်











စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသည့် အမှတ်စဉ် (၅)မှ ပြည်သူ့သားကောင်းများအား ပြည်သူ့ စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်ပုံစံ(၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ၁၈-၉-၂၀၂၆ ရက်နေ့ယနေ့ နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းမှူး တက်ရောက်အမှာစကားပြောပြီး ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြည်သူ့စစ်မှုထမ်းတံဆိပ်ပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ခိုလမ်မြို့ရှိ တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်သူ့စစ်မှုထမ်းတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ် (ပုံစံ-၁၂) နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကျော်သက်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများသည် စစ်မှုထမ်းကာလပြည့်မြောက်သူများအား လက်ဖက်ရည်ဝိုင်းဖြင့် ဧည့်ခံပြီး တစ်ဦးချင်း အားပေးစကားပြောကြားကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများအား အလုပ်အကိုင်ရရှိရေးနှင့် ၎င်းတိုဆန္ဒပြုသော အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post