






တာမွေ၊ စက်တင်ဘာ ၁၈
နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများ အနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးများအပါအဝင် မူးယစ်ဆေးဝါးအမျိုးမျိုး တို့၏ ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်း အမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး သင်္ဃန်းကျွန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် ခရိုင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မူးယစ်ဆေးစွဲသူများပြန်လည်ထူ ထောင်ရေးအသင်း(မြန်မာ)ဗဟိုတို့ ပူးပေါင်းကျင်းပသော ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးများသုံးစွဲခြင်း၏ ဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာ စံအိမ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းက ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးများအကြောင်း အသိပညာပေး ရှင်းလင်းဟောပြော ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မူးယစ်ဆေးဖြတ်သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်း ခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး သင်္ဃန်းကျွန်းခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မူးယစ်ဆေးဖြတ်သင်တန်းသားများအတွက် ဆန်၊ ဆီနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မူးယစ်ဆေးဖြတ်သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)
#News #Myanmar