Myanmar National Post

မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဆောင်၍ ပါရီမြို့ အာဆီယံကော်မတီအစည်းအဝေးနှင့် အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်





ပါရီ၊ စက်တင်ဘာ ၁၈

ပါရီမြို့ရှိ အာဆီယံကော်မတီ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ညွန့်ဦး ဦးဆောင်၍ အာဆီယံကော်မတီ အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ ဒေသစံတော်ချိန် ၁၀၀၀ နာရီတွင် မြန်မာသံအမတ်ကြီးနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပါရီမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေး၌ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သည့် အာဆီယံကော်မတီ အစည်းအဝေးမှတ်တမ်းအား အတည်ပြုခြင်း၊ အာဆီယံကော်မတီ၏ ဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့်  သက်ဆိုင်ရာနိုင်ငံအလိုက် ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံသံအမတ်ကြီးများအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ် တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးက အာဆီယံသံရုံးများ၏ ထောက်ခံပံ့ပိုးမှုကြောင့် ပါရီမြို့ အာဆီယံကော်မတီ အလှည့်ကျတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ပါရီမြို့ရှိ အာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အစည်းအဝေးအပြီးတွင် တက်ရောက်လာကြသည့် အာဆီယံ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များအား နေ့လယ်စာ မြန်မာထမင်းဟင်းနှင့် မြန်မာမုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ပါကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post