
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် ပျားရည်ဆွမ်းများလောင်းလှူပွဲ၊ သံဃာ့ဒါနစာရေးတံမဲလှူဒါန်းပွဲအား လာမည့် စက်တင်ဘာလ (၂၅) ရက်(တော်သလင်းလဆန်း (၁၄) ရက်) တွင် အစဉ်လာမပျက် မြို့လုံးကျွတ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဂေါပကအဖွဲ့မှဦးဆောင်ကြီးမှူးပြီး နှစ်စဉ်ကျင်းပပြုလုပ်သော ကျိုက္ခမီမြို့၏ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့်ပျားရည်ဆွမ်းများလောင်းလှူပွဲ၊ သံဃာ့ဒါနစာရေးတံမဲလှူဒါန်းပွဲတွင် ကျိုက္ခမီမြို့မြို့ပေါ် ရပ်ကွက် နှင့် ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်း (၅၈) ကျောင်းတို့ရှိ ၀ါဆိုတော်မူကြသော ဆရာတော် ရဟန်းသံဃာ၊ ရှင်သာမဏေများနှင့် သီလရှင် စုစုပေါင်း(၄၉၆)ပါးတို့အား လှူဒါန်းသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ရှေးလူကြီးများမှ ဆရာတော်ကြီးများအား ပျားရည်ကိုဆေးအဖြစ် မီဝဲသုံးဆောင်နိုင်ရန် အဓိကရည်ရွယ်ပြီး နှစ်စဉ်နှစ်တိုင်းလှူဒါန်းလာခဲ့ကြသည်မှာ နှစ်ပေါင်း (၁၀၀) ကျော်ရှိနေပြီးဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး "အခုနောက်ပိုင်းမှာတော့ ဆွမ်းဆန်စိမ်းတို့ စာရေးတံမဲတို့ပါလာကြတယ်။ ဒီအစဉ်လာ ကိုအခုချိန်ထိဆက်ထိန်းလာတယ်။ မွန်ပြည်နယ်မှာ ပျားရည်ဆွမ်းက ကျိုက္ခမီမြို့နဲ့ မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာတွေလောက်ဘဲ ရှိပါတယ်" ဟု ပြောကြားသည်။
ထိုနေ့တွင် ညနေ (၄) နာရီအချိန်မှ စတင်ကာ ကျိုက္ခမီရေလယ်ဘုရား ကုန်းတော်ပေါ်ရှိ (သီရိဇေယျာ) ခန်းမဆောင်ကြီးမှ စတင်ပြီး မြို့လယ်ကျောက်တိုင်အနီးရှိ ဦးရေဝတလမ်းဝအထိကို ဆရာတော် ရဟန်းသံဃာ၊ ရှင်သာမဏေများနှင့် သီလရှင်များက အလှူခံကြွရောက်တော်မူမည်ဖြစ်ပါကြောင်းနှင့် မည်သူမဆို ပျားရည်ဆွမ်းနှင့်ဆွမ်းဆန်စိမ်းများအား လာရောက်လောင်းလှူနိုင်ပါကြောင်းကို ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဂေါပကအဖွဲ့မှနှိုးဆော်ထားကြောင်း သိရသည်။