

နေပြည်တော်၊ စက်တင်ဘာ ၂၁
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝန်းအတွင်းရှိ ရုံးဌာန အသီးသီးမှ တပ်မတော်အရာရှိကြီးများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရုံး/ဌာန အသီးသီးမှ တပ်မတော် အရာရှိကြီးများတက်ရောက်ကြသည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာစကား ပြောကြားရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော် အရာရှိကြီးများအနေဖြင့် လုပ်ငန်းတာဝန်များအပေါ်တွင် စိတ်ဓာတ်၊ စည်းကမ်းနှင့် ခံယူချက်များ ကောင်းမွန်စွာဖြင့် ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အဖွဲ့အစည်းတစ်ခုတွင် လုပ်ငန်းအောင်မြင်ရန်အတွက် ဦးဆောင်သူများ၏ လုပ်ငန်းရည်မှန်းချက်၊ အကောင် အထည်ဖော်မှုနည်းလမ်းနှင့် သဘောတရားများကို လုပ်ဖော်ကိုင်ဖက်များကပါ သိရှိနားလည်မှသာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက် မည်ဖြစ်ကြောင်း၊ ထို့အပြင် ရုံး၊ ဌာနအလိုက် ခေါင်းဆောင်များ အနေဖြင့်လည်း မိမိတို့လက်အောက်တွင် လိုက်ပါဆောင်ရွက်နေကြသည့် လက်အောက်ငယ်သားများ၏ အားနည်းချက် အားသာချက်များကို သိရှိပြီး သင့်လျော်သည့် တာဝန်များကို ပေးအပ် နိုင်ရမည်ဖြစ်ကြောင်း။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ ရုံးဌာနများသည် တပ်မတော် တစ်ရပ်လုံး၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် လုပ်ငန်းတာဝန်များကို ဦးဆောင်မှု ပြုလျက်ရှိကြောင်း၊ တပ်မတော်၏ ဦးနှောက်ဟု တင်စားရမည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ ရုံးဌာနများသည် လုပ်ငန်း တာဝန်များကို ထိရောက်မှန်ကန် မှုရှိအောင် ကြိုးစားဆောင်ရွက်ဖို့လိုကြောင်း။
တပ်မတော်သားများအားလုံး တပ်မတော်သို့ စတင်ဝင်ရောက်ချိန်မှစ၍ နေထိုင် စားသောက်မှု၊ လုပ်ငန်းတာဝန်ထမ်းဆောင်မှုနှင့် တပ်မတော်သားတစ်ဦး၏ ခံစားပိုင်ခွင့် ကိစ္စရပ်များကို အငြိမ်းစားယူသည့်အချိန်ကာလအထိ လုပ်ငန်းဆောင်တာများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရုံးဌာနများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရုံးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည်များသည် အရည်အချင်းအရ ပြည့်ဝရန်လိုအပ်ပြီး စိတ်ဓာတ်စည်းကမ်းတွင် စံနမူနာပြဖြစ်ရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် အယူဝါဒရေး၊ လူမျိုးရေးအကြောင်းပြပြီး နည်းမျိုးစုံဖြင့် နိုင်ငံတော်ပြိုကွဲအောင် လုပ်ဆောင်ခဲ့ ကြကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူနှင့်လက်တွဲကာ အသက်သွေးချွေးများစွာပေးဆပ်၍ နိုင်ငံတော်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းထမ်းဆောင်ခဲ့ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ အဖျက်သမားများ၏ သွေးထိုးနှောင့်ယှက် လှုံ့ဆော်ခဲ့မှု များကြောင့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများသည် နည်းမျိုးစုံဖြင့် အကြမ်းဖက်လုပ် ရပ်များ လုပ်ဆောင်လာခဲ့ကြကြောင်း၊ တစ်ချိန်တည်းတွင် ရိုးသားသော တိုင်းရင်းသားပြည်သူများကို သွေးထိုးလှုံ့ဆော်၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ကာ နိုင်ငံတော်ပြိုကွဲအောင် လုပ်ဆောင် လာခဲ့သဖြင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်သွေးချွေး များစွာ ပေးဆပ်၍ စွမ်းစွမ်းတမံ ကြိုးပမ်းကာကွယ်လျက်ရှိကြောင်း။
မိမိတို့နိုင်ငံသည် ပထဝီနိုင်ငံရေးအရ အချက်အချာနေရာ(Geopolitical Pivot) တစ်ခုအဖြစ် တည်ရှိနေပြီး နိုင်ငံရေးစနစ်မတူညီသည့် အင်အားကြီးနိုင်ငံများအကြား တွင် တည်ရှိကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ရန် တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးသဖြင့် တပ်မတော်က တည်ငြိမ် အေးချမ်းရေး လုပ်ငန်းများကို သက်စွန့်ကြိုးပမ်းထမ်းဆောင်နိုင်သည့် အင်အားရှိသော စွမ်းရည် ထက်မြက်သော တပ်မတော်ဖြစ်ရန်အတွက် တပ်မတော်သားတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် ပြည့်ဝဖို့လိုကြောင်း၊ သမိုင်းကြောင်းတစ်လျှောက်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို သင်ခန်းစာ ယူ၍ ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ တပ်မတော် အရာရှိကြီးများအနေဖြင့် သက်ဆိုင်ရာလက်ရုံးတပ်ဖွဲ့များကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက် နေကြရသူများဖြစ်သည့်အတွက် အရည်အချင်းပြည့်ဝနေရန်လိုပြီး မိမိတို့ ဦးဆောင်ရသည့်တပ်ကို စနစ်တကျဖြင့် ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း။
တပ်မတော်အရာရှိကြီးများသည် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နိုင် ရန်အတွက် ကျန်းမာကြံ့ခိုင်မှုရှိရန်လို ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုဟု ဆိုရာတွင် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ဖို့လိုကြောင်း၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်နေအောင် နေ့စဉ်ကိုယ်လက် လှုပ်ရှားမှုများ ဆောင်ရွက်နေကြရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် တပ်မတော်သားများ ဖြစ်ရန်အတွက် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ရန်လည်းလိုအပ်ပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ်တွင် မှန်ကန်သည့် ယုံကြည်မှုဖြင့် သစ္စာစောင့် သိနေရန် လိုကြောင်း။
ကိုယ်ကျင့်တရားနှင့် စည်းကမ်းပိုင်းအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်မှ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ နေထိုင်ရန်လိုပြီး မိမိတို့ကွပ်ကဲမှုအောက်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများကိုလည်း ပြောဆိုဆုံးမသွန်သင်နေရန်လိုကြောင်း။
မိမိကိုယ်ကို တာဝန်ယူမှု တာဝန်ခံမှု ရှိရန်လိုအပ်သကဲ့သို့ တာဝန်သိစိတ်ရှိရန်လည်း လိုအပ်ကြောင်း၊ မိမိဦးဆောင်ရသည့် ဌာန၊ အဖွဲ့အစည်းအပေါ်တွင် သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ဖြင့် ထိန်းသိမ်းကြပ်မတ်ရန်လိုကြောင်း။
သတင်းလုံခြုံရေးကိုလည်း တစ်ဦးချင်းစီက အထူးဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သတင်းလုံခြုံမှု ကျိုးပေါက်ခြင်းကြောင့် များစွာသောထိခိုက်ဆုံးရှုံးမှု များဖြစ်ပေါ်နိုင်သဖြင့် လုံခြုံရေးနှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စရပ်မဆို အလေးအနက်ထား ထိန်းသိမ်းကြရန် လိုကြောင်း၊ မိမိကိုယ်ကို လေးစားတန်ဖိုးထားရန်လိုပြီး မိမိတို့တာဝန်ယူဆောင်ရွက်နေရသည့် လုပ်ငန်းများ၏ အကျိုးဆက်ကို သိရှိနားလည် ပြီး စနစ်တကျ သုံးသပ်ဆောင်ရွက်ကြရန်လိုကြောင်း။
တပ်မတော်အရာရှိကြီးများအနေဖြင့် မိမိတို့၏ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် ဘာသာရပ်များနှင့် လုပ်ငန်းများကိုလည်း Professional ကျကျ ကျွမ်းကျင်ပိုင်နိုင်အောင် အမြဲမပြတ် လေ့လာဆည်းပူး နေကြရန်လိုကြောင်း၊ ကမ္ဘာ့အရေး၊ ဒေသတွင်းနှင့် နိုင်ငံ့အရေးတို့ကို . အမြဲလေ့လာနေ၍ တပ်မတော်နှင့် မိမိတို့၏ တပ်ဖွဲ့များအတွက် အကျိုးဖြစ်စေမည့် အရာများကို စူးစမ်းလေ့လာပြီး ကြိုတင်ဆောင်ရွက်နိုင်သည့် အရာများကို အကြံပြုဆွေးနွေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်၍လည်း မျက်ခြေမပြတ်စောင့်ကြည့် သတိပြုရန်လိုကြောင်း၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိရန်လိုကြောင်း။
တပ်မတော်သားများပီ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ရှိရန်လိုကြောင်း၊ တပ်မတော် အရာရှိကြီးများအနေဖြင့် ကိုယ်ကိုတိုင် ကောင်းမွန်အောင်ကြိုးစား ကျင့်ကြံနေထိုင်ပြီး မိမိတို့၏ လက်အောက်ငယ်သားများနှင့် မိသားစုဝင်များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ကြ စေရေး ကြပ်မတ်ကွပ်ကဲဖို့လိုကြောင်း၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရန် နိုင်ငံတော် တည်ငြိမ်အေးချမ်းဖို့လိုကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့အတွက် နိုင်ငံတော်ကာကွယ်ရေး စွမ်းအား တောင့်တင်းခိုင်မာဖို့လိုကြောင်း၊ သို့ဖြစ်၍ အင်အားတောင့်တင်းခိုင်မာသည့် တပ်မတော်ဖြစ်စေရေး တပ်မတော်သား တစ်ဦးချင်းစီ၏ အရည်အချင်းမြင့်မားစေရန် ဝိုင်းဝန်း ကြိုးပမ်းကြဖို့လိုကြောင်း၊ စည်းလုံးညီညွတ်စွာဖြင့် လုပ်ဆောင်ကြမည်ဆိုပါက မည်သည့် စိန်ခေါ်မှုကို မဆို အောင်မြင်စွာကျော်လွှားနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် ( ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် တက်ရောက်လာကြသည့် တပ်မတော် အရာရှိကြီးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar