


ဗန်ကောက်၊ စက်တင်ဘာ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ၂၀၂၆ ခုနှစ်အတွက် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းရာတွင် ထိုင်းနိုင်ငံမှ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရရှိသည့် ပြည်ပဘွဲ့ခံဆရာတော် ဘဒ္ဒန္တပရမာနန္ဒအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းသည့် မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် (တနင်္လာနေ့) တွင် ဗန်ကောက်မြို့၊ မြန်မာသံရုံး၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့်ဇနီး၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့်ဇနီး၊ မြန်မာသံရုံး၊ စစ်သံရုံး (ကြည်း၊ ရေ၊ လေ) နှင့် အလုပ်သမားသံအရာရှိရုံးတို့မှ ဝန်ထမ်းများ ပါဝင်တက်ရောက်ကြည်ညိုခဲ့ကြသည်။
အခမ်းအနားတွင် သံအမတ်ကြီး ဦးဇော်ဇော်စိုးက ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ “မဟာကမ္မဋ္ဌာနာစရိယ” ဘွဲ့တံဆိပ်တော် ချီးမြှင့်အပ်နှင်းခံရသည့် ဆရာတော် ဘဒ္ဒန္တပရမာနန္ဒ အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်က ဝမ်းမြောက်ဂုဏ်ယူစကားနှင့် ကျေးဇူးတင်စကား ပြန်လည်မိန့်ကြားခဲ့သည်။
ထို့နောက် မြန်မာသံရုံး၊ စစ်သံရုံး၊ အလုပ်သမားသံအရာရှိရုံး မိသားစုများက ဆရာတော် ဘဒ္ဒန္တပရမာနန္ဒ အမှူးပြုသော ပင့်သံဃာများအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆရာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်မူခဲ့ကြပြီး၊ သံရုံးမိသားစုများက လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်း၍ အနုမောဒနာတရားနာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
#News #Myanmar