Eleven Media Group

ပါတီကို အနာဂတ်တွင် ခေတ်မီပြီး ပြည်သူကိုအခြေပြုသော နိုင်ငံရေးပါတီဖြစ်အောင် ပါတီလုပ်ဖော်ကိုင်ဖက်များနှင့်အတူ လက်တွဲပြီး စွမ်းအားကုန် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း USDP ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား

ပါတီကို အနာဂတ်တွင် ခေတ်မီပြီး ပြည်သူကိုအခြေပြုသော နိုင်ငံရေးပါတီဖြစ်အောင် ပါတီလုပ်ဖော်ကိုင်ဖက်များနှင့်အတူ လက်တွဲပြီး စွမ်းအားကုန် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားသည်။

ယနေ့(စက်တင်ဘာ ၂၀ ရက်)တွင် ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ စတုတ္ထအကြိမ်ပါတီ ညီလာခံ ( ၂၀၂၆ )တွင် ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီ က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော့်ကို ယုံကြည်စွာ အပ်နှင်းခဲ့တဲ့ တာဝန်ဝတ္တရားတွေအပေါ်မှာ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ စည်းရုံးရေးအမြင်၊ နိုင်ငံတကာ ဆက်ဆံရေး အမြင်တွေနဲ့ ပေါင်းစပ်ပြီး အကောင်းဆုံး ကြိုးစား ဆောင်ရွက်သွားပါ့မယ်။ ကျွန်တော်တို့ ပါတီကို အနာဂတ်မှာ ခေတ်မီပြီး ပြည်သူကိုအခြေပြုသော နိုင်ငံရေးပါတီ “Modern People Centered Political Party” ဖြစ်အောင် ချစ်ခင်လေးစားရတဲ့ ပါတီလုပ်ဖော် ကိုင်ဖက်တွေနဲ့အတူ လက်တွဲပြီး ဦးလည်မသုန် စွမ်းအားကုန် တာဝန် ထမ်းဆောင်သွားမှာဖြစ်ကြောင်း ဒီညီလာခံခန်းမကြီးထဲမှာ ရှိနေကြတဲ့ ပါတီအကြီးအကဲများနဲ့ ပါတီဝင်အားလုံးရဲ့ရှေ့မှောက်မှာ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး အတွေ့အကြုံ နဲ့ နိုင်ငံရေးသိက္ခာကို အခြေပြုပြီး ရဲဝံ့စွာ ကတိပြုအပ်ပါကြောင်း ပြောကြားလိုပါတယ်”ဟု ပါတီဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားသည်။

စတုတ္ထအကြိမ်ပါတီညီလာခံ(၂၀၂၆) က ကျွန်တော့်ကို ပါတီဥက္ကဋ္ဌ အဖြစ် ထပ်မံရွေးချယ်တင်မြောက်ပေး ခဲ့သည့် ကြီးကြပ်မှုဗဟိုကော်မတီ၊ ရွေးချယ်တင်မြှောက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကိုယ်စားပြု ဝိုင်းဝန်း ထောက်ခံခဲ့ကြသည့် ပါတီလုပ်ဖော်ကိုင်ဖက်များ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းလည်း ပါတီဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားသည်။

ပါတီဥက္ကဋ္ဌ ဦးခင်ရီက “ ကျွန်တော်တို့တတွေ ဒီနေ့၊ ဒီနေရာမှာ ဆုံစည်းနေကြတာဟာ သာမန် တွေ့ဆုံ စည်းဝေးနေကြတာမဟုတ်ဘဲ အတိတ်ကာလဖြတ်သန်း ခဲ့တဲ့ (၅)နှစ်တာ ကာလအတွင်း အတွေ့အကြုံများကို ပြန်လည်သုံးသပ် ပြီး အောင်မြင်ခဲ့တာတွေကို ခိုင်ခန့်အောင် ဆက်လက် တည်ဆောက် အားနည်းချက်တွေကို ဖော်ထုတ် ပြုပြင်ပြီး ပါတီရဲ့အနာဂတ် ခရီးသစ်ကို စတင်မဲ့ သမိုင်းဝင်နေ့တစ်နေ့ လို့လည်း ဆိုရမှာဖြစ်ပါတယ်။ လွန်ခဲ့သော(၅)နှစ်တာကာလဟာ ပါတီကိုရည်ရွယ်မျှော်မှန်းချက် တွေနဲ့အညီ ပုံသွင်းတည်‌ဆောက်ခဲ့တဲ့ ကာလလို့တွေးဆမယ်ဆိုရင် လာမဲ့ရှေ့အနာဂတ်(၅)နှစ်တာ ကာလဟာ ပါတီရဲ့ နိုင်ငံရေးတာဝန်ကို ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းရမဲ့နေ့ရက်တွေ ဖြစ်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့နောက် ဦးခင်ရီ က ပါတီ၏ ဥက္ကဋ္ဌသစ် တစ်ဦးအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်အကျဉ်းချုပ်ကို တင်ပြသွားခဲ့သည်။

“ပါတီရဲ့ လုပ်ငန်းစီမံချက်ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့ အတွက် အစပျိုးတဲ့အနေနဲ့ ၂၀၂၆ အောက်တိုဘာလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ အကျုံးဝင်မဲ့ ရက်(၉၀)စီမံချက်ကိုလည်း ချမှတ် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် (၁)နှစ် စီမံချက်၊ (၅)နှစ်စီမံချက်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အစီအမံများ ကြိုတင်ရေးဆွဲထားပြီး ဖြစ်ပါတယ်” ဟု ပါတီဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားသည်။

မိမိတင်ပြခဲ့သည့် ပါတီ၏ရှေ့လုပ်ငန်းစဉ်၊ လုပ်ငန်းအစီအမံ တစ်ခုချင်းအပေါ်၌ လက်တွေ့ကျသည့် အသေးစိတ်လုပ်ငန်းစဉ်များလည်း ရေးဆွဲထားပြီး ဖြစ်ကြောင်း၊ အဓိကပြု ဆောင်ရွက်သွားမည့် မဏ္ဍိုင်တစ်ခုစီတိုင်းကို အချိန်ကန့်သတ်ချက်အရ အားလုံးကို မတင်ပြတော့ပဲ အချို့ကိုသာ ထုတ်နုတ်တင်ပြရခြင်းကြောင်း၊ စီမံချက်တိုင်းသည့် မူဝါဒကောင်းသော်လည်း အကောင်အထည် ဖော်နိုင်မှုအပိုင်း၌ ချို့ယွင်းအားနည်းချက်များ ရှိတတ်ခြင်းကြောင့် မိမိတို့၏ လုပ်ငန်းအစီအမံတစ်ခုချင်းစီကို စစ်ဆေးကြပ်မတ်ရန်အတွက် KPI (Key Performance Indicator) “အောင်မြင်မှု တိုင်းတာချက်”များကို အမှတ်ပေးစနစ်နှင့် စနစ်တကျ အောင်မြင်အောင် အလေးထား စိစစ်တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group