Eleven Media Group

■ မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီးရှိ လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၃၆ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ် ရောက်ရှိပြီး အိန္ဒိယနိုင်ငံဘက် ဖြတ်ကျော်နိုင်ဟု မိုးဇလ ခန့်မှန်း

■ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်‌

မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီးရှိ လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၃၆ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ် ရောက်ရှိပြီး အိန္ဒိယနိုင်ငံဘက် ဖြတ်ကျော်နိုင်ဟု မိုးဇလ ခန့်မှန်းထားကာ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းတိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီး)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း(မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီး)သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး နောက် ၁၈ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး အနောက် - အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ နောက် ၇၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း - အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေ)တို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း စစ်ကိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း သိရသည်။

သို့ဖြစ်၍ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင် ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် မိုးဇလက အသိပေးထားသည်။

မူရင်းသတင်း — Eleven Media Group