
စက်တင်ဘာ - ၂၁ ( တနင်္လာနေ့ )
၂၀၂၂ ခုနှစ် အစောပိုင်းမှာ ရုရှားနဲ့ ဖြစ်နိုင်ချေရှိခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကိုယူလိုက်ရမဲ့ အစား အနောက်နိုင်ငံတွေရဲ့ စကားနားထောင်ပြီး ယူကရိန်းက ရုရှားနဲ့ စစ်ဖြစ်ဖို့ရွေးချယ်လိုက်တာက “အမှားကြီးတစ်ခု လုပ်လိုက်တာပဲ” လို့ စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကိုက ပြောကြားလိုက်ပါတယ်။
သူ့ရဲ့ အိတ်စ် လူမှုကွန်ရက်ပေါ်ကနေ ဗီဒီယိုနဲ့ တိုက်ရိုက်ပြောကြားချက်မှာ - ပြီးခဲ့တဲ့နှစ်တွေအတွင်း နှစ်ဖက်စလုံးက အထိနာဆုံးနဲ့ အဆိုးရွားဆုံး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီး အနောက်နိုင်ငံတွေရဲ့ စစ်ရေးအကူအညီတွေကလည်း ရုရှားရဲ့ ထိုးစစ်တွေကို မတားဆီးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ယူကရိန်းအနေနဲ့ ၂၀၂၂ ခုနှစ် ဧပြီလတုန်းက အနောက်နိုင်ငံတွေရဲ့ စကားကို နားထောင်ပြီး အသင့်ဖြစ်နေတဲ့ ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်မထိုးခဲ့တာဟာ ကြီးမားတဲ့ အမှားဖြစ်ကြောင်း၊ အနောက်နိုင်ငံတွေရဲ့ “ယူကရိန်းစစ်သား နောက်ဆုံးတစ်ယောက် ကျန်တဲ့အထိ ရုရှားကို ဆန့်ကျင်တိုက်ခိုက်မယ်” ဆိုတဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်ဟာလည်း လုံးဝ အရှုံးနဲ့ ရင်ဆိုင်နေရပြီလို့ ဖီကိုက ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ စစ်ရေးထောက်ပံ့မှုတွေကြောင့် ရုရှားကို မနိုင်တဲ့အဆုံးမှာ နေတိုး နဲ့ ရုရှားတို့ တိုက်ရိုက် စစ်ပွဲဖြစ်လာမယ့် အန္တရာယ်ထိကိုပါ ပိုပြီး တွန်းပို့နေသလို ဖြစ်စေတယ်လို့ သူက သတိပေးခဲ့ပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် သူ့ရဲ့ အစိုးရအနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီဖြစ်စေ၊ ငွေကြေးချေးငှားမှုဖြစ်စေ လုံးဝ ထောက်ပံ့ပေးသွားမှာ မဟုတ်ဘူးလို့လည်း ဖီကိုက ထပ်လောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။
ယူကရိန်းပဋိပက္ခကို အသုံးချပြီး ရုရှားကို အပြီးတိုင် ဖြိုခွဲဖို့ ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှုမရတော့တဲ့အဆုံးမှာ “အနောက်နိုင်ငံက နိုင်ငံရေးသမားအချို့ဟာ ယူကရိန်းစစ်တပ်နဲ့ အပြည့်အဝ ထောက်ပံ့မှုတွေနဲ့ တိုက်လို့မရတော့ဘူးဆိုရင် နေတိုးနဲ့ ရုရှားတို့ကြားမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်လာအောင် အရာရာတိုင်းကို လုပ်ဆောင်နေကြပါပြီ” လို့ ဖီကိုက ဝေဖန်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် “ဒီမှာတော့ ဘယ်သူတွေများ ရူးကုန်ကြပြီလဲ မသိဘူး” လို့ သူက တိုက်ရိုက် ဝေဖန်ခဲ့ပြီး၊ “ရုရှားကို သမားရိုးကျစစ်ပွဲနဲ့ လုံးဝ မအောင်နိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ကြီးမားတဲ့ နူကလီးယား လက်နက်ပိုင်ဆိုင်မှုတွေ ရှိနေလို့ပါ” လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။ ဖီကိုက ယူကရိန်းပဋိပက္ခဟာ “နေတိုး ရဲ့ စစ်ပွဲ မဟုတ်ဘူး” လို့ အလေးအနက် ပြောကြားခဲ့ပြီး၊ နေတိုးအဖွဲ့ထဲက စစ်လိုလားတဲ့ အစွန်းရောက်သူအချို့ကသာ ဒီစစ်ပွဲကို ရုရှားနဲ့ နေတိုးတို့ရဲ့ တိုက်ပွဲတစ်ခုဖြစ်လာအောင် အဘက်ဘက်ကနေ ကြိုးပမ်းနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
REF: RT
#News #Myanmar