
မော်စကို၊ စက်တင်ဘာ ၂၁
ရုရှားဖက်ဒရေးရှင်နိုင်ငံ ဒူးမားလွှတ်တော် လွှတ်တော်အမတ်များ ရွေးကောက်ပွဲသို့ ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်သူကိုယ်စားလှယ်အဖြစ် ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပလျက်ရှိသော ဒူးမားလွှတ်တော် ရွေးကောက်ပွဲပြုလုပ်သည့် မဲရုံများထဲမှ မော်စကိုမြို့ အာဘတ်မြို့နယ် အနုပညာရှင်များစုဝေးရာ ကဇာတ်ရုံ၌ ပြုလုပ်သည့် မဲရုံ၊ ဟာမောဗညီးကီးမြို့နယ် သိပွံပညာရှင်များဆုံစည်းရာအိမ်၌ ပြုလုပ်သည့်မဲရုံ၊ ယာကီမန်းကာမြို့နယ် အစိုးရစုပေါင်းရုံး (Government one stop services) ၌ ပြုလုပ်သည့် မဲရုံ၊ အာချာကောဗာမြို့နယ် ဈေးဝယ်စင်တာနှင့် အနားယူအပန်းဖြေရာ၌ ပြုလုပ်ထားသော မဲရုံနှင့် ဒါရာဂါမီးလာဗာမြို့နယ် ယီဗရော ပြဲစကီးယီကုန်တိုက်ရှိ အစိုးရစုပေါင်းရုံး (Government one stop services) ၌ ပြုလုပ်သည့် မဲရုံငါးရုံသို့ သွားရောက်လေ့လာကြသည်။
လေ့လာခဲ့သော မဲရုံများတွင် မဲဆန္ဒရှင်အရေအတွက် ၃၀၀၀ ကျော်မှ ၈၀၀၀ ကျော်အထိ မဲစာရင်းရှိပြီး မဲပေးနိုင်သည့် နည်းလမ်းလေးမျိုးရှိကြောင်း၊ ယင်းတို့မှာ မဲရုံတွင် မဲစာရွက်ဖြင့် မဲပေးခြင်း၊ မဲရုံတွင် စက်ဖြင့် မဲပေးခြင်း၊ online မှတစ်ဆင့် ဂေါ့စလူးဂီး (gosuslugi) အက်ပလီကေးရှင်းဖြင့် မဲပေးခြင်း၊ မကျန်းမာသူနှင့် သက်ကြီးရွယ်အိုများအတွက် အိမ်တိုင်ရာရောက် မဲစာရွက်ဖြင့် မဲပေးခြင်း၊ မကျန်းမာသူနှင့် သက်ကြီးရွယ်အိုများအတွက် အိမ်တိုင်ရာရောက် စက်ဖြင့် မဲပေးခြင်းတို့ဖြစ်ကြောင်း သိရသည်။
မဲပေးကြသူအများစုမှာ အွန်လိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် မဲပေးကြပြီး မဲရုံသို့ လာရောက်မဲပေးကြသူများထဲမှ အများစုသည် မဲရုံတွင် အီလက်ထရောစနစ်ဖြင့် မဲပေးကြသည်။
မဲစာရွက်ဖြင့် မဲပေးသူအများစုမှာ သက်ကြီးရွယ်အိုများ အများစုဖြစ်သော်လည်း တချို့မဲရုံများတွင် စာရွက်ဖြင့်သာ မဲပေးလို၍ တန်းစီနေကြသူများလည်းရှိကြောင်း တွေ့ရှိရသည်။
မကျန်းမာသူများ မဲရုံသို့ မလာနိုင်သော သက်ကြီးရွယ်အိုများအနေဖြင့် ဖုန်းဆက်၍ အိမ်မှမဲပေးနိုင်သည်။
မဲရုံသို့ ဖုန်းဆက်လာပါက မိုဘိုင်းမဲပုံးနှင့် မိုဘိုင်းမဲပေးစက်တို့ဖြင့် မဲရုံဝန်ထမ်းတစ်ဦးနှင့် ပါတီသို့ အမတ်လောင်းများ၏ စောင့်ကြည့်သူတို့ ပါဝင်သောအဖွဲ့က မဲပေးမည့်သူထံ သွားရောက်၍ မဲရယူသည်။
မဲရုံများတွင် နိုင်ငံတကာမှ လာရောက်လေ့လာသူများ၊ ပါတီနှင့် အမတ်လောင်းတို့၏ စောင့်ကြည့်သူများ၊ မဲပေးသူများကို တွေ့ရှိရပြီး မဲရုံအများစုတွင် မဲပေးမည့် လူစုလူဝေးကို သိပ်မတွေ့ရကြောင်း၊ မဲရုံမှူးများက ရှင်းပြရာတွင် မဲပေးရက်ရှည်ခြင်း၊ အွန်လိုင်းမှ မဲပေးနိုင်ခြင်း၊ မဲပေးစက်များ လုံလုံလောက်လောက် စီစဉ်ပေးထားခြင်းတို့ကြောင့် လူစုပြုံမနေခြင်းဖြစ်ကြောင်း သိရသည်။
#News #Myanmar