Myanmar National Post

တာမွေမြို့နယ်၌ ၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ









တာမွေ၊ စက်တင်ဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူလေးများက ပညာရည်ချွန် လူရည်မွန်သီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က ဂုဏ်ပြုအမှာစကား‌ပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးက တပင်တိုင်အကဖြင့် ကပြဖျော်ဖြေ၍လည်းကောင်း၊ တာမွေမြို့နယ်ရှိ အမှတ်(၇)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မင်္ဂလာပါသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက် ခဲ့ကြပြီး သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ 

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ၂၀၂၆ - ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသူ ကျောင်းသူလေးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက ဘက်စုံပညာ   ကိုယ်ရည် တို့လှမ်းချီသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာကြသူများသည် ထူးချွန်ဆုရရှိကြသူများနှင့် အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ တာမွေ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ် ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#News #Myanmar

မူရင်းသတင်း — Myanmar National Post