Eleven Media Group

■ မြဝတီမြို့တွင် ဉာဏ်​တော် ၁၉ ​ပေ အမြင့်ရှိ​သော မန္တ​လေးမဟာမြတ်မုနိ ပုံစံတူရုပ်ပွား​တော်ကြီးအား ယခုနှစ်အတွင်းဖူး ​မြော်ကြည်ညိုခွင့်ရ​တော့မည်ဟု သိရ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ဉာဏ်​တော် ၁၉ ​ပေ အမြင့်ရှိ​သော မန္တ​လေးမဟာမြတ်မုနိ ပုံစံတူရုပ်ပွား​တော်မြတ်ကြီးတစ်ဆူအား ယခုနှစ်အတွင်း ဖူးမြော်ကြည်ညိုခွင့်ရ​တော့မည်ဖြစ်​ကြောင်း သိရသည်။

မြဝတီနယ်စပ်မြို့ စိမ့်းလဲ့မြိုင် အ​ဝေး​ပြေးကားဝင်းအနီး ပွင့်လင်း​အေးမြိုင်ရွာထိပ်ရှိ သစ်တံခါးဆရာ​တော် ကျောင်းတိုက်ဝင်းအတွင်း မြန်မာမှုမြန်မာဟန်ဖြင့် တည်​ဆောက်​နေ​သော ဂန္ဓကုဋိတိုက်တော်ကြီးအတွင်း ကိန်းဝပ်စံ​ပယ်တော်မူမည့် မန္တ​လေးမ​ဟာမြတ်မုနိ ပုံစံတူရုပ်ပွား​တော်မြတ်ကြီးအား ၂၀၂၆ ခုနှစ် ​အောက်တိုဘာ ၁၀ ရက်​တွင် မန္တ​လေးမြို့မှ မြဝတီမြို့သို့ ပင့်​ဆောင်လာ​တော့မည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါ မန္တ​လေးမဟာမြတ်မုနိ ပုံစံတူရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်တော်မူမည့် ဂန္ဓကုဋိတိုက်တော် တည်ဆောက်မှုလုပ်ငန်းစဉ်အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်​တွင် သစ်တံခါးဆရာ​တော် ဦး​ဆောင်ပြီး ပန္နက်ချ မင်္ဂလာအခမ်းအနားဖြင့် စတင်တည်​ဆောက်ခဲ့ခြင်းဖြစ်​သည်။

ဂန္ဓကုဋိတိုက်တော်ကြီးနှင့် မဟာမြတ်မုနိရုပ်ပွား​တော် တည်​ဆောက်မှုလုပ်ငန်းစဉ်တွင် ကျပ်သိန်း​ပေါင်း ​ခြောက်​သောင်းခန့် ကုန်ကျမည်ဖြစ်ပြီး မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ရတနာ အိမ်​ဆောက်ပစ္စည်းဆိုင်မိသားစုက အဆိုပါတည်ဆောက်မှုအတွက် လိုအပ်​သော ဘိလပ်​မြေကို လှူဒါန်းထားကြောင်း သိရသည်။

မြဝတီမြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ ရပ်နီး ရပ်​ဝေး ဘုရားဖူးဧည့်သည်များအပြင် နိုင်ငံတကာခရီးသွား ဘုရားဖူးလာ​ရောက်သူများကိုလည်း စိတ်နှလုံးအေးချမ်း​​စေရန် ရည်ရွယ်ထားသကဲ့သို့ ဂန္ဓကုဋိတိုက်တော်ကြီး အတွင်း ရှစ်​သောင်း​လေး​ထောင်သော ဗုဒ္ဓဆင်းတု​တော်များကိုလည်း ဖူး​မြော်ခွင့်ရမည်ဖြစ်​ကြောင်း ဘုရားဒါယကာ ဦး​နိုင်​မောင်​ဇော်က​ ပြောသည်။

၂၀၂၃ ခုနှစ်က စတင်တည်​ဆောက်ခဲ့​သော ဂန္ဓကုဋိတိုက်တော်ကြီးမှာ ယခုအခါ ၈၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်၍ ဘုရားကြီအား ​အောက်တိုဘာ ၁ဝရက်​၌ ပင့်​ဆောင် ကိန်းဝပ်စံ​ပယ်​တော်မူကာ ဂန္ဓကုဋိတိုက်တော်ကြီးအား ၂၀၂၆ ခုနှစ် ဒီဇင်ဘာတွင် ထီး​တော်တင်လှူ ပူ​ဇော်သွားမည်ဖြစ်​ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group