Eleven Media Group

မက်ဒရစ်ဒါဘီမှာ အက်သလက်တီကိုအသင်း  အနီကတ်နှစ်ကြိမ် ပြသခံရသင့်တယ်လို့ မော်ရင်ဟို ပြောကြား

Photo: X

ရီးယဲလ်မက်ဒရစ်နည်းပြ မော်ရင်ဟိုက မက်ဒရစ်ဒါဘီပွဲမှာ အက်သလက်တီကိုအသင်း အနီကတ်နှစ်ကြိမ် ပြသခံရသင့်တယ်လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အက်သလက်တီကိုအသင်းရဲ့ မက်ထရိုပိုလီတာနိုကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲမှာ အက်သလက်တီကိုအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပွဲချိန်မိနစ်(၅၀)မှာ ရီးယဲလ်နောက်ခံလူ ဟူဆန် အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပြီးမှ ဂိုးတွေသွင်းယူခဲ့တာပါ။
မော်ရင်ဟိုကတော့ ပထမပိုင်းမှာကတည်းက အက်သလက်တီကိုကစားသမားနှစ်ဦး အနီကတ်ပြသခံရသင့်ပြီး ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှားတွေက ပွဲအပေါ် သက်ရောက်မှုရှိစေခဲ့ကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မော်ရင်ဟိုက ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အက်သလက်တီကိုအသင်း အနီကတ်ပြခံရသင့်တဲ့ ဖြစ်ရပ်နှစ်ခုရဲ့မြင်ကွင်းကို A4 စာရွက်ပေါ်မှာ ဖော်ပြခဲ့ပြီး ဒိုင်တွေရဲ့အမှားကို ထောက်ပြခဲ့ကြောင်းလည်း သိရပါတယ်။
ဘယ်လင်ဂမ်ကို ရိုမဲရိုးရဲ့ ပြစ်ဒဏ်ကျူးလွန်မှု၊ ဗယ်လ်ဗာဒီကို လီကန်အင်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေကို အနီကတ်ပြသင့်ကြောင်း မော်ရင်ဟိုက ထောက်ပြခဲ့ခြင်းဖြစ်ပြီး မိမိတို့အနေနဲ့ (၁၀)ယောက် (၁၁)ယောက် ကစားရမယ့်အစား (၁၁)ယောက် (၉)ယောက်ကစားရမယ့် အခြေအနေမျိုးဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ မက်ဒရစ်ဒါဘီမှာ ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးက ဘာစီလိုနာနဲ့ (၆)မှတ်ကွာဟသွားပြီး အမှတ်ပေးဇယား အဆင့်(၄)နေရာကို ရောက်ရှိသွားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group