
မကြာမီကာလတွင် 5G စနစ်များ စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားသည်။
စက်တင်ဘာ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ဟံသာဝတီရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် မိုဘိုင်းတယ်လီဖုန်း အော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၎င်းက ရန်ကုန်မြို့ရှိ ရှုပ်ထွေးကေဘယ်များကို အဆင့်အလိုက် ရှင်းလင်းဆောင်ရွက်နေသည့် လုပ်ငန်းတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် တယ်လီဖုန်းအော်ပရေတာ MyTel ရုံးတွင် ဒေတာစင်တာလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ပျဉ်ထောင်ကျောင်းကျေးရွာရှိ ဂြိုဟ်တုဆက်သွယ်ရေး မြေပြင်စခန်း၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း ရေဒီယိုစခန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ပုဇွန်တောင်မြို့နယ် ဆက်သွယ်ရေးသင်တန်းကျောင်း၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးမြင့်မားစေရေးအတွက် နှစ်အလိုက် သင်တန်းအစီအစဉ်များ စနစ်တကျရေးဆွဲဆောင်ရွက်မှု၊ လက်တွေ့လေ့ကျင့်သည့် စက်ပစ္စည်းများ၊ သင်တန်းတွင် ဒီဂျစ်တယ်အွန်လိုင်းနည်းပညာများဖြင့် သင်ကြားပို့ချမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဗဟိုပစ္စည်းသိုလှောင်ရေးစခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ပစ္စည်းများ စနစ်တကျ သိုလှောင်ထားရှိရေး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးပို့ဆောင်သုံးစွဲရေးတို့နှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။