Eleven Media Group

ဒိုင်တွေက မန်ယူအသင်း ရှုံးနိမ့်မှာကို မလိုလားခဲ့ဘူးလို့ အာဘီလိုအာ စွပ်စွဲ

Photo: X

ဖူလ်ဟမ်နည်းပြ အာလီလိုအာက မန်ယူနဲ့ပွဲမှာ ဒိုင်တွေက မန်ယူအသင်းရှုံးနိမ့်မှာကို မလိုလားခဲ့တာကြောင့် အလေးပေးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့ပါတယ်။
မနေ့ညက ဖူလ်ဟမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၅)မှာ ဖူလ်ဟမ်နဲ့ မန်ယူတို့ (၁-၁)ဂိုးနဲ့ သရေကျခဲ့ပြီး မန်ယူအသင်းအတွက် ချေပဂိုးကို ကူညာက (၈၉)မိနစ်မှာမှ သွင်းယူနိုင်ခဲ့တာပါ။
ဖူလ်ဟမ်အသင်းအနေနဲ့ နိုင်ပွဲရဖို့ နီးစပ်ခဲ့ပြီးမှ ချေပဂိုးပြန်ပေးခဲ့ရခြင်းဖြစ်ပြီး ချေပဂိုးမသွင်းခင် ပလာစီယို့စ်နဲ့ မက်ဂွိုင်းရားတို့ရဲ့ ထိတွေ့မှုမှာ မန်ယူအသင်းကို ဖရီးကစ်ကန်ခွင့်ပေးခဲ့ခြင်းအတွက်လည်း အာဘီလိုအာက ပြစ်တင်ထောက်ပြခဲ့ပါတယ်။
'' ပြစ်ဒဏ်ဘောအားလုံးက သူတို့အတွက်တွေချည်းပါပဲ။ သူတို့ ဂိုးမသွင်းခင် မက်ဂွိုင်းရား ပြစ်ဒဏ်ဘောရခဲ့တာကို ခင်ဗျား မြင်နိုင်ပါတယ်။ သူက ကီလို(၁၀၀)ရှိတဲ့သူပါ။ ဆုံးဖြတ်ချက်အားလုံးက သူတို့အတွက်တွေချည်းပါပဲ။ မန်စီးတီးနဲ့ပွဲပြီးကတည်းက မန်ချက်စတာယူနိုက်တက်ကို ဒီမှာ ရှုံးနိမ့်ခွင့်မပြုတော့ဘူးဆိုတာ ကျွန်တော် သိနေခဲ့ပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းတဲ့ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်'' လို့ အာဘီလိုအာက ပြောကြားခဲ့ပါတယ်။
အာဘီလိုအာဟာ ဖူလ်ဟမ်အသင်းကို ဒီရာသီမှာမှ စတင်ကိုုင်တွယ်တာဖြစ်ပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်(၅)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာကြောင့် အသင်းရဲ့သမိုင်းတစ်လျှောက် (၄)ကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group