
ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း ယခုစက်တင်ဘာလတတိယပတ်တွင် ကြက်သွန်စျေးနှုန်း ဆက်လက်မြင့်တက်နေပြီး တစ်ပိဿ ကျပ် ၆၀၀၀ ကျော်ထိ ရောက်ရှိသွားကြောင်း သိရသည်။
ကြက်သွန်စျေးနှုန်းမြင့်တက်လာသော်လည်း ကုန်ဝင်ရောက်မှုမှာ ပိဿချိန် ၁၀၀၀၀ အောက်သာရှိပြီး တောင်သူများထံ ကုန်လက်ကျန်နည်းပါးနိုင်ကြောင်း လုပ်ကိုင်သူများထံမှ သိရသည်။
ပခုက္ကူစျေးကွက်အတွင်း ပိဿချိန် ၇၀၀၀ ဝင်ရောက်သည့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂျွန်သေး တစ်ပိဿ ၅၀၀၀ - ၅၃၀၀ ကျပ် ၊ဂျွန်လတ်တစ်ပိဿ ၅၄၀၀ - ၅၈၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿ ၅၉၀၀ - ၆၃၀၀ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။
“နယ်စုံကုန်လက်ကျန်နည်းနေပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ၅၅၀၀ ကျပ်လောက်နဲ့ ရောင်းဝယ်နေတာက ခု ၂ရက်လောက်အတွင်း စျေးထပ်တက်သွားတယ်။ ဝယ်လက်လိုချင်သလောက် စျေးကွက်ထဲမှာ ကြက်သွန်က မရှိဘူး။ ခုစျေးတန်းမှာ လှောင်သမားလည်း လက်ကျန်တွေ ထုတ်ရောင်းနေပြီ။ ဒီနှစ်ကြက်သွန်စျေးက သက်တမ်းတစ်လျှောက်အမြင့်ဆုံးပဲ ́ ဟု ပခုက္ကူမြို့မှ ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ယခုနှစ်ရာသီစတင်ချိန်တွင် ကြက်သွန်နီတစ်ပိဿ ၁၆၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းဝယ်ခဲ့နောက် စျေးနှုန်းများဆက်တိုက်မြင့်တက်ခဲ့ပြီး တစ်ပိဿ ကျပ် ၆၀၀၀ ကျော်ထိ ရောက်ရှိခဲ့သည်။
ပခုက္ကူ နှင့် ရေစကြိုမြို့နယ်တွင်း ဧရာဝတီ ၊ ချင်းတွင်းမြစ်များ မြစ်ရေကျဆင်းပြီဖြစ်သည့်အတွက် မိုးကြက်သွန်သစ်များ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။