
မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ရာ၌ ကာယကံရှင်များ၏ ကိုယ်ပိုင်သဘောထားဆန္ဒအရ တင်ပြလျှောက်ထားလာသည့် နေရပ်ပြန်လိုသူများကိုသာ ပြန်လည်ပို့ဆောင်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။
မြန်မာသံရုံး ကွာလာလမ်ပူမြို့သည် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန အောက်ရှိထိန်းသိမ်းရေးစခန်း ၁၅ ခုတို့တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသား မှန်ကန်မှုရှိ မရှိ စိစစ်ရာတွင် ကာယကံရှင်များ၏ ကိုယ်ပိုင်သဘောထားဆန္ဒအရ တင်ပြလျှောက်ထားလာသည့် နေရပ်ပြန်လိုသူများကိုသာ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍စိစစ်ပြီး ပြန်လည်ပို့ဆောင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မြန်မာနိုင်ငံသားစိစစ်ရာတွင် စခန်းအလိုက် ပဏာမအဆင့် နိုင်ငံသားစိစစ်နိုင်သူ စာရင်းနှင့် စခန်းအလိုက် နေရပ်ပြန်လည်ပို့ဆောင်မည့် လူစာရင်းများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် နေ့ရက်၊ အချိန်၊ လေကြောင်းလိုင်းခရီးစဉ်အမှတ်များ ဖော်ပြလျက် အသိပေးချက်များကို မြန်မာသံရုံး၏ လူမှုကွန်ယက်စာမျက်နှာ facebook "Myanmar Embassy in Kuala Lumpur, Malaysia" တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် Melaka Camp လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ လူဦးရေ ၇၁ ဦးအား နိုင်ငံသားသွားရောက်စိစစ်ပြီးနောက် အထောက်အထားပြည့်စုံစွာ တင်ပြနိုင်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) ထုတ်ပေးနိုင်သည့် လူဦးရေ ၅၄ ဦးနှင့် အထောက်အထားမပြည့်စုံသူ ၁၇ ဦး စာရင်းအား ဖော်ြပခဲ့သည်။
အထောက်အထား မပြည့်စုံသူများအတွက် ၎င်းတို့နှင့်ပတ်သက်သည့် အထောက်အထားများအတွက် မိသားစုဝင်များနှင့် ဆွေမျိုး/ မိတ်ဆွေများအား ဆက်သွယ်ဆောင်ရွက်ပေးခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အချက်အလက်ပေးပို့ စိစစ်အတည်ပြုခြင်းတို့ကို လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်စိစစ်အတည်ပြုနိုင်သူများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက် ကြေညာအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ မြန်မာသံရုံးမှ မြန်မာနိုင်ငံသား စိစစ်နိုင်သူ/ ပြန်လည်ပို့ဆောင်မည့်သူများ၏ စာရင်းအား သက်ဆိုင်သူ မိသားစုဝင်များ သိရှိနိုင်ရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည့်နေ့တွင် ကြိုဆိုနိုင်ရန်ရည်ရွယ်၍ အသိပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိန်းသိမ်းရေးစခန်းများရှိမြန်မာနိုင်ငံသားများကိစ္စကို သက်ဆိုင်ရာ မိသားစုဝင်မဟုတ်သောသူများက ငွေကြေး လိမ်လည်တောင်းခံသည့် ဖြစ်စဉ်များအား ကာယကံရှင်များထံမှ ပြန်လည်သိရှိရပါသဖြင့်၊ သက်ဆိုင်ရာ မိသားစုဝင်များ သတိထားဆောင်ရွက်နိုင်ရန် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။