Eleven Media Group

ဖလော်ရီယန်ဗက်ဇ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုဖို့ ကာရေဂါ တိုက်တွန်း

Photo: X

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါက လက်ရှိလီဗာပူးလ်နည်းပြ အီရာအိုလာအနေနဲ့ ဂျာမနီကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဖလော်ရီယန်ဗက်ဇ်က လီဗာပူးလ်အသင်းကို ရောက်ရှိလာကတည်းက ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာ ဘောလုံးပေးပို့မှုတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာကြောင့် ကာရေဂါက ပွဲထွက်စာရင်းက ဖယ်ရှားပြီး အရန်ခုံထိုင်ခိုင်းဖို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။
''လီဗာပူးလ်ဂျာစီ ဝတ်ဆင်ခဲ့တဲ့ ကစားသမားတွေထဲမှာ ကျွန်တော် မြင်ဖူးသမျှ အညံ့ဆုံးကစားသမားတွေထဲက တစ်ယောက်ပါပဲ။ ကျွန်တော် သူ့ရဲ့ခြေစွမ်းကို လွန်ခဲ့တဲ့ (၁၂)လကတည်းက စိုးရိမ်ပူပန်ခဲ့တာပါ။ လီဗာပူးလ်အသင်း မျှော်လင့်ထားတဲ့အရာတွေအတွက် အီရာအိုလာအနေနဲ့ ဆုံးဖြတ်ချက်ချမှတ်သင့်ပြီလို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ လီဗာပူးလ်အသင်းမှာတော့ ဗက်ဇ် ပါဝင်မှာ မဟုတ်ပါဘူး'' လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။
ဖလော်ရီယန်ဗက်ဇ်(၂၃ နှစ်)ဟာ ၂၀၂၅ နွေရာသီမှာ လေဗာကူဆင်ကနေ လီဗာပူးလ်ကို ပေါင်(၁၁၆)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ(၅၅)ပွဲမှာ (၇)ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။
ဒီရာသီမှာ ပရီးမီးယားလိဂ်(၅)ပွဲစလုံး ပွဲထွက်ကစားခွင့်ရရှိခဲ့ပေမဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်သာ ပြုလုပ်နိုင်သေးတာကြောင့်လည်း ကာရေဂါက ဝေဖန်ပြစ်တင်မှု ပြုလုပ်ခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group