Eleven Media Group

■ ရထားနှင့် Light Truck ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် သထုံမြို့နယ် ဆင်ဖြူကျွန်း - ပေါ်တော်မူကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရထားလမ်းကူးအား ပိတ်လိုက်သည့်အတွက် ဒေသခံများ သွားလာရေးအခက်အခဲများဖြစ်ပေါ်နေ

ပြီးခဲ့သည့် စက်တင်ဘာလ (၁၉) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန် - မော်လမြိုင် အမှတ် (၈၁) အစုန်အမြန်ရထားနှင့် Light Truck ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် သထုံမြို့နယ် ဆင်ဖြူကျွန်း - ပေါ်တော်မူကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရထားလမ်းကူး မိုင်တိုင်အမှတ် (၁၃၆ ၂/၄) အား ပိတ်လိုက်သည့်အတွက်ကြောင့် ဒေသခံများ သွားလာရေးအခက်အခဲများဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ထိုသို့ ရန်ကုန် - မော်လမြိုင် အမှတ် (၈၁) အစုန်အမြန်ရထားနှင့် Light Truck ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးသည့်နောက် စက်တင်ဘာလ (၁၉) ရက်နေ့ ညနေပိုင်းအချိန်က မြန်မာ့မီးရထား သထုံဘူတာမှတာဝန်ရှိသူများမှ ထို ရထားလမ်းကူးနေရာအား ပိတ်ဆို့သွားခဲ့ခြင်းဖြစ်ကြောင်းနှင့် သထုံမြို့နယ် ပေါ်တော်မူကျေးရွာနှင့် ဆင်ဖြူကျွန်းကျေးရွာအား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းအား အသုံးပြုနေသူ ဒေသခံပြာ်သူများများအနေဖြင့် သွားရေးလာရေးအခက်အခဲများဖြစ်ပေါ်နေကြကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပေါ်တော်မူကျေးရွာက ရထားလမ်းအောင်ပိုင်းမှာ လူဦးရေ (၃၀၀) ကျော်လောက်ရှိနေတယ်။ နောက်ပြီးဆင်ဖြူကျွန်းကျေးရွာမှာက လူဦးရေ (၁၈၀၀) ဦးခန့်ရှိပါတယ်။ အဲ့ဒီပြင်ကို ကွင်းပိုင်းမှာနေထိုင်ကြတဲ့ရွာလေးတွေလည်းရှိပါသေးတယ်။ ဒေသခံအားလုံးက အဲ့ဒီ ကျေးရွာချင်းဆက်လမ်းကိုဘဲ အသုံးပြုပြီးသွားလာနေကြရတာပါ။ ကျေးရွာချင်းဆက်လမ်းကို ပိတ်လိုက်တော့ ဆင်ဖြူကျွန်းကျေးရွာက ရဟန်းတွေ ပေါ်တော်မူကျေးရွာဘက်ကို ဆွမ်းခံကြွရတာအဆင်မပြေတော့ဘူး။ နောက်ပြီး ဆင်ဖြူကျွန်းကျေးရွာနဲ့ ပေါ်တော်မူကျေးရွာအောက်ပိုင်းက သထုံမြို့မှာ ကျောင်းတက်နေကြတဲ့ ကျောင်းသား/သူ (၃၀၀) ကျော်ကသွားရေးလာရေးအခက်အခဲဖြစ်ကုန်တယ်။ လောလောဆယ်မှာတော့ လမ်းပိတ်ထားတဲ့နေရာကိုဘဲ ကျော်ခွသွားလာနေကြရတယ်” ဟု ပြောကြားသည်။

ထို့အပြင် ပေါ်တော်မူကျေးရွာ၊ ဆင်ဖြူကျွန်းကျေးရွာနှင့် အောက်ပိုင်းကွင်းများအတွင်း လယ်ဧက (၆၀၀၀) ခန့်ရှိကြောင်းနှင့် တောင်သူများအနေဖြင့်လည်း ထို ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းကိုသာ ကုန်ထုတ်လမ်းအဖြစ်အသုံးပြုနေကြရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“ရထားနဲ့ ကားတိုက်မှုဖြစ်ပြီးတော့မှ အခုလို လမ်းကိုပိတ်လိုက်တော့ ဒေသခံတွေဘဲ အခက်အခဲဖြစ်ရပါတယ်။ ဖြစ်သင့်တာက ရထားလမ်းကူးနေရာမှာလည်း မတော်တဆမှုတွေမဖြစ်အောင်၊ ဒေသခံပြည်သူတွေလည်း အခက်အခဲမဖြစ်အောင်ဘယ်လိုလုပ်ဆောင်ကြရမလဲဆိုတာကိုမျိုး စဉ်းစားသင့်ပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၉) ရက်နေ မွန်းလွဲ (၁) နာရီခွဲအချိန်ခန့်က ဘီးလင်းဘူတာဘက်မှ သထုံဘူတာဘက်သို့ ခုတ်မောင်းလာသည့် အမှတ် (၈၁) အစုန် အမြန်ရထားနှင့် Light Truck ယာဉ်တိုက် အဆိုပါ သထုံမြို့နယ် ဆင်ဖြူကျွန်း - ပေါ်တော်မူကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရထားလမ်းကူး မိုင်တိုင်အမှတ် (၁၃၆ ၂/၄) တွင် တိုက်မှုဖြစ်ပွားခဲ့ပြီး Light Truck ယာဉ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ၎င်း Light Truck ယာဉ်မောင်းဖြစ်သူအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Photo Credit - ကိုဝင်းဇော်ဦး

မူရင်းသတင်း — Eleven Media Group