Eleven Media Group

■ မော်စကိုအပါအဝင် ရုရှားနိုင်ငံထဲသို့ ယူကရိန်းက ဒရုန်းအစင်း ၁,၀၀၀ ကျော်ဖြင့် တိုက်ခိုက်

​ရုရှားပါလီမန်ရွေးကောက်ပွဲ နောက်ဆုံးနေ့ကျင်းပနေစဉ် ယူကရိန်းကမော်စကိုမြို့တော်သို့ ပစ်မှတ်ထားသည့်ဒရုန်းရာပေါင်းများစွာ အပါအဝင် ဒရုန်းအစင်း‌ရေ ၁,၀၀၀ ကျော်ဖြင့် ညပိုင်းတွင်တိုက်ခိုက်ခဲ့သည်ဟုတာ၀န်ရှိသူများက စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။

​အဆိုပါ ဒရုန်းတိုက်ခိုက်မှုသည် ရုရှားမြို့တော်မော်စကိုအတွက် "သမိုင်းတစ်လျှောက် အကြီးမားဆုံး" တိုက်ခိုက်ခံရမှုဖြစ်ပြီး ဒရုန်းများ၏လှိုင်းဟုမော်စကိုမြို့တော်ဝန်က ပြောဆိုပြီး မြို့တော်ရှိ ရေနံချက်စက်ရုံတစ်ရုံနှင့် လူနေအဆောက်အအုံတစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။
​ပိုမိုကျယ်ပြန့်သောမော်စကိုဒေသအတွင်း တိုက်ခိုက်မှုများကြောင့် အသက် ၇၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဗျော့ဗ်က ပြောကြားခဲ့သည်။

​ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက လူမှုကွန်ရက်ပေါ်တွင် ရေးသားရာ၌ ကိယက်ဗ်အနေဖြင့် ရုရှား၏ ရေနံနှင့် ထောက်ပို့ အဆောက်အအုံများကို ထိမှန်စေရန် ပြည်တွင်းထုတ် Flamingo နှင့် Pelican ဒုံးကျည်များအပါအဝင် ဒုံးကျည်အမျိုးမျိုးနှင့် ဒရုန်းများကိုအသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

​"ဒါတွေဟာ ရုရှားရဲ့ စစ်ယန္တရားကို လည်ပတ်စေဖို့ အထောက်အပံ့ပေးနေတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာကို ထိခိုက်စေတာပါ" ဟု ဇယ်လန်းစကီးကရုရှားစီးပွားရေးကိုဖိအားပေးရန် ရည်ရွယ်သည့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အတည်ပြု ပြောကြားသည်။

​ထို့အပြင် ယူကရိန်းကလည်း ရုရှား၏ တိုက်ခိုက်မှုများကို ဆက်လက်ခုခံလျက်ရှိကြောင်း ဇယ်လန်းစကီးက ဆိုသည်။

စက်တင်ဘာ ၁၉ ရက်က ယူကရိန်း၏ ခါဆွန်ဒေသရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းသို့ ရုရှား ဒရုန်းထိမှန်ခဲ့ရာတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ယူကရိန်းမြို့တော် ကိယက်ဗ်ကိုရုရှား၏ တိုက်ခိုက်မှုကြောင့်ကလေးငယ် နှစ်ဦးနှင့် ၎င်းတို့၏မိခင်ဖြစ်သူ သေဆုံးခဲ့ရကြောင်း ကိယက်ဗ်ဒေသဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် တီမူတကာချန်ကို က ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့သည့် အခြားကလေးငယ်တစ်ဦးမှာလည်း စက်တင်ဘာ ၂၀ တွင် ဆေးရုံ၌ သေဆုံးသွားခဲ့သည်ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group