Eleven Media Group

■ ကိုရီးယားနှစ်နိုင်ငံကြား ပိုင်းခြားထားသည့်စစ်မဲ့ဇုန်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး တောင်ကိုရီးယားစစ်သားသုံးဦး ဒဏ်ရာရ

တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံကြား ပိုင်းခြားထားသည့် စစ်မဲ့ဇုန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တောင်ကိုရီးယားစစ်ဘက်ဆိုင်ရာ အရာရှိသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် ကမ္ဘာပေါ်တွင် မိုင်းအများဆုံး ထောင်ထားသည့် နယ်စပ်ဒေသများအနက် တစ်ခုဖြစ်သော စစ်မဲ့ဇုန်အတွင်းရှိ စစ်ဘက်ဆိုင်ရာ နယ်သတ်စည်း (MDL) ၏ တောင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိခဲ့သည့် အရာရှိ နှစ်ဦးကို ရဟတ်ယာဉ်ဖြင့် ရွှေ့ပြောင်းပေးခဲ့ပြီး တတိယမြောက် အရာရှိကိုမူ ကုန်းလမ်းမှ ပို့ဆောင်ပေးခဲ့ရကြောင်း ပူးတွဲစစ်ဦးစီးချုပ်များရုံး (JCS) က ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် မြောက်ကိုရီးယားဘက်က ထောင်ထားသည့်မိုင်း သို့မဟုတ် တောင်ကိုရီးယားဘက်က ထောင်ထားသည့် မိုင်း သို့မဟုတ် အခြား ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုခုကြောင့် ဖြစ်ပွားခဲ့ခြင်း ဟုတ်၊ မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အဆိုပါ စစ်ဘက်အရာရှိ သုံးဦးသည် MDL ၏ တောင်ဘက်ရှိ နေရာတစ်ခုတွင် စစ်ဆင်ရေး ပြုလုပ်နေစဉ် အကြောင်းရင်း မသိရသေးသည့် ပေါက်ကွဲမှုတစ်ခုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု JCS က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

ဒဏ်ရာရရှိမှု အခြေအနေနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ စစ်ဘက်က ချက်ချင်း ထုတ်ပြန်ပေးခဲ့ခြင်း မရှိပေ။

စစ်မဲ့ဇုန်သည် ၁၉၅၃ ခုနှစ်တွင် ကိုရီးယားစစ်ပွဲကို ရပ်တန့်စေခဲ့သည့် စစ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပြီးကတည်းက ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားခဲ့သော အလျား ၂၄၈ ကီလိုမီတာ (၁၅၄ မိုင်) နှင့် အနံ ၄ ကီလိုမီတာ (၂ ဒသမ ၅ မိုင်) ခန့်ကျယ်ဝန်းသည့် ကြားခံဇုန်တစ်ခု ဖြစ်သည်။

အဆိုပါ ဇုန်သည် တရားဝင်အမည်အားဖြင့် စစ်မဲ့ဇုန်ဖြစ်သော်လည်း ကမ္ဘာပေါ်တွင် စစ်ရေးအရ အခိုင်မာဆုံး ကာကွယ်ပြင်ဆင်ထားသည့် နယ်စပ်ဒေသများအနက် အပါအဝင်ဖြစ်ပြီး မြေမြှုပ်မိုင်းများ အများအပြားထောင်ထားသည့် ဇုန်တစ်ခုဖြစ်သည်။

ယွန်ဟပ်သတင်းဌာနက ကိုးကားဖော်ပြထားသည့် စစ်ဘက်ဆိုင်ရာ အချက်အလက်များအရ စစ်မဲ့ဇုန်အတွင်း မြေမြှုပ်မိုင်းပေါင်း ၈၀၀၀၀၀ ခန့် မြှုပ်နှံထားကြောင်း ခန့်မှန်းရပြီး ယင်းတို့အနက် အများအပြားမှာ ကိုရီးယားစစ်ပွဲကာလကတည်းက ရှိနေခဲ့ခြင်းဖြစ်သော်လည်း မကြာမီနှစ်များအတွင်းကလည်း မိုင်းထောင်မှုများ ဆက်ရှိနေခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group