Eleven Media Group

■ စင်ကာပူတွင် ဘတ်စ်ကားပေါ် အသံကျယ်ကျယ်ဖွင့်ခြင်း၊ ထိုင်ခုံပေါ် ခြေထောက်တင်ခြင်းတို့အတွက် စင်ကာပူဒေါ်လာ ၅၀၀ အထိ ဒဏ်တပ်မည်

စင်ကာပူနိုင်ငံတွင် ဘတ်စ်ကားစီးနင်းသူများအနေဖြင့် အသံကျယ်ကျယ်ဖွင့်နားထောင်ခြင်း၊ ထိုင်ခုံပေါ် ခြေထောက်တင်ခြင်း၊ အမှိုက်ပစ်ခြင်း၊ အစားအသောက်နှင့် အဖျော်ယမကာများ စားသောက်ခြင်းတို့ ပြုလုပ်ပါက စင်ကာပူဒေါ်လာ ၅၀၀ အထိ ဒဏ်ငွေချမှတ်နိုင်ကြောင်း သိရသည်။

ဘတ်စ်ကားခရီးသည်များအတွက် စည်းမျဉ်းအသစ်များ သတ်မှတ်ထားခြင်းဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။
ပိုမိုပြင်းထန်သည့် ချိုးဖောက်မှုများအတွက် အများဆုံး စင်ကာပူဒေါ်လာ ၅၀၀၀ အထိ ဒဏ်ငွေသတ်မှတ်ထားကာ ဘတ်စ်ကားအလဲအလှယ်စခန်းများနှင့် ဘတ်စ်ကားဂိတ်များတွင် အခြားခရီးသည်များ သွားလာမှုကို အဟန့်အတားဖြစ်စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း သို့မဟုတ် အများပြည်သူသုံးဘတ်စ်ကား၊ ဘတ်စ်ကားဂိတ်များ၏ မည်သည့်အစိတ်အပိုင်းကိုမဆို ညစ်ပတ်ပျက်စီးအောင် ပြုလုပ်ခြင်းတို့ကို ဆိုလိုသည်။

စင်ကာပူကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ထိုစည်းမျဉ်းသစ်များကို စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး လွှတ်တော်က အတည်ပြုပြီး တစ်နှစ်နီးပါးအကြာတွင် အသက်ဝင်လာခြင်းဖြစ်သည်။

စည်းမျဉ်းသစ်အရ အများပြည်သူသုံးဘတ်စ်ကား ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများမှ ခွင့်ပြုချက်ရရှိထားသော ဝန်ထမ်းများ၊ အထူးသဖြင့် လက်မှတ်စစ်ဝန်ထမ်းများနှင့် ဘတ်စ်ကားလဲလှယ်ရေးစခန်း ဝန်ထမ်းများက စည်းမျဉ်းချိုးဖောက်သည်ဟု သံသယရှိသူများကို သတိပေးစာ ထုတ်ပေးခွင့်ရှိသည်။ နောက်မှ ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ဆက်လက်စစ်ဆေးသွားမည်။

ဘတ်စ်ကားယာဉ်မောင်းများက ဘတ်စ်ကားကို ဘေးကင်းစွာ မောင်းနှင်ရန်သာ အဓိကတာဝန်ရှိသည်။ သို့သော် မလိုက်နာသည့် ခရီးသည်များကို ဘတ်စ်ကားပေါ်မှ ဆင်းပေးရန် တောင်းဆိုနိုင်သည်။ အလွန်ဆိုးဝါးသည့် အခြေအနေ ကြုံရပါက ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခွင့် ပြုထားသည်။

Ref: CNA

မူရင်းသတင်း — Eleven Media Group