Eleven Media Group

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း ပြောကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း က ပြောကြားသည်။

စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပသည့် စတုတ္ထအကြိမ် ပါတီညီလာခံအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပါတီအကြီးအကဲဟောင်းများ လက်ရှိ အနေအထားနှင့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် သည် ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်ပါသလားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

" သမ္မတကြီး ဦးမင်းအောင်လှိုင် ဒါလည်း ကျွန်တော်တို့ ပါတီဝင်ဖြစ်ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ အတိုင်ပင်ခံထဲမှာ အရင်ထဲက နာယကဆိုပြီးတော့ ပါခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ၂၀၁၅၊ ၂၀၁၆ မှာ ဦးသန်းဌေး ဥက္ကဋ္ဌ လုပ်တဲ့အချိန်မှာ ဒါ ဥက္ကဋ္ဌ အသစ်တစ်ယောက်အနေနဲ့ သူ့ဘာသူ Survive လုပ်လို့ရပြီ။ ဒီပါတီကြီးကို ဆက်ပြီးတော့ Run လုပ်လို့ ရပြီ။ ဒါကြောင့်မို့လို့ တို့တွေ ဆက်ရှိစရာမလိုတော့ဘူး ဆိုတဲ့အတွက်ကြောင့် အဲဒီကနေပြီးတော့ ဘေးကနေပြီးတော့ အတိုင်ပင်ခံအနေနဲ့ပဲ အခုတော့ ဖြစ်တာပါ။ အခုလည်း အသက်အရွယ်အရ၊ ကျန်းမာရေးအရကြောင့် တစ်ချို့ဟာတွေကြရင် ကျွန်တော်တို့ ဖိတ်တဲ့အထဲမှာ ပါပြီးသားပါ။ သို့သော် ကင်းလွတ်ခွင့်တောင်းပြီးတော့ မတက်ဖြစ်တဲ့ဟာလေးတွေပဲ ရှိပါတယ်။ ဒါလည်း ခရီးလွန်နေတာမျိုးတို့ တစ်ချို့ ကျန်းမာရေး အခြေအနေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ထာဝရ သူတို့သည် ကျွန်တော်တို့ရဲ့ အတိုင်ပင်ခံတွေ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ညီလာခံတွင် ဦးစိုးသိန်း၊ ဦးကျော်ဆန်း စသည့်ပုဂ္ဂိုလ်များ တက်ရောက်လာခြင်းသည် ၎င်းပုဂ္ဂိုလ်များသည် ယခင်ကတည်းက ဗဟိုအတိုင်ပင်ခံများဖြစ်ကြောင်း၊ မိမိတို့ ပါတီဝင်များသည် တစ်ကြိမ် ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်ပြီးပါက ထာဝရပြည်ခိုင်ဖြိုးသာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း က ပြောကြားသည်။

ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း က " ဒီနေ့တက်လာတဲ့သူတွေက တကယ်တော့ ကျွန်တော်တို့အတွက်ကတော့ စိမ်းနေတဲ့သူတွေ မဟုတ်ပါဘူး။ ကျွန်တော် ဆရာသမားတွေလည်းဖြစ်သလို ကျွန်တော်တို့နဲ့ အမြဲတမ်း ပူးပေါင်းပြီးတော့ အတိုင်ပင်ခံအနေနဲ့ ခန့်ထားတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ကနေ့ CEC စာရင်း ထုတ်ပြန်တဲ့အခါမှာလည်း ဒီအတိုင်ပင်ခံတွေနဲ့ ကျွန်တော်တို့ဆီမှာရှိတဲ့ ဥက္ကဋ္ဌလုပ်သွားတဲ့ ဦးလှထွန်း ဆိုရင်လည်း အရင်တုန်းက ဘဏ္ဍာအခွန်မှာ ၁၀ စုနှစ် တစ်ခုလောက်ကို လုပ်သွားတဲ့ အတွေ့အကြုံရှိတဲ့လူလည်းဖြစ်သလို အသင်းကတည်းက ပါလာတဲ့သူ ဖြစ်ပါတယ်။ ဖြစ်တဲ့အတွက်ကြောင့် အတွေ့အကြုံအများကြီး ရှိတဲ့သူလည်း ဖြစ်ပါတယ်။ သူတို့ ဒီလိုဟာမျိုး ပေးမယ်ဆိုရင် ဘယ်လိုဟာမျိုး ဥက္ကဋ္ဌပေးမယ်၊ ဘယ်လိုဟာမျိုးကို ဘယ်လိုပေးမယ်၊ ဒါလေးကို ကျွန်တော်တို့ပါတီကလည်း သဘောကျပါတယ်" ပြောကြားသည်။

အထက်ပါကဲ့သို့ အစဉ်အလာရှိသည့်သူများ၊ အတွေ့အကြုံရှိသည့်သူများ၊ အရည်အချင်း ပိုမိုရှိသည့်သူများ တက်လာပါကလည်း မိမိတို့ပါတီက အမြဲတမ်း Welcome ဖြစ်သည့်​အတွက်ကြောင့် ၎င်းပုဂ္ဂိုလ်များသည် အတိုင်ပင်ခံအနေနှင့် ဆက်ရှိနေသည့်အတွက် ပါလာခြင်းဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း က ပြောကြားသည်။

ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း က " ဒါကြောင့်မလို့ ပါတီလုပ်သက်ရင့်၊ အစိုးရဌာနကြီးတွေမှာ အတွေ့အကြုံ၊ လုပ်ငန်းအတွေ့အကြုံ၊ ဥပမာ ဝန်ကြီးနှင့်အထက် သို့မဟုတ် ညွှန်ချုပ်နှင့်အထက် ဒီလိုထမ်းဆောင်လာဖူးတဲ့သူတွေ၊ ပါတီအတွေအကြုံ CEC တွေနဲ့ ၁၀ နှစ်နဲ့အထက်၊ ၁၅ နှစ်နဲ့အထက် ထမ်းဆောင်လာဖူးတဲ့သူတွေ၊ ဒီလို အတွေ့အကြုံရင့်၊ သမ္ဘာရင့်သူတွေဆိုလို့ရှိရင် ကျွန်တော်တို့ ဒီကနေပြီးတော့ ဗဟိုအတိုင်ပင်ခံတွေ ပြန်ခန့်ပါတယ်"ဟု ပြောကြားသည်။

ဗဟိုအတိုင်ပင်ခံများ ပြန်ခန့်ရာတွင် ကာယကံရှင်ကလည်း ဆန္ဒပြုခြင်း၊ ပါတီအတွက်လည်း ပေးဆပ်နိုင်သေးပါက ဗဟိုအတိုင်ပင်ခံအဖြစ် ပြန်လည်ခန့်ထားပြီး မိမိတို့ ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ လေးလတစ်ကြိမ် တွေ့ဆုံပြီး ၎င်းတို့၏ အကြံဉာဏ်များကို ရယူကြောင်းလည်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group