
မကွေးတိုင်း အောင်လံမြို့တွင် အရည်အသွေးကိုက်ညီမှုမရှိသည့် “ရွှေအောင်လ”အမည်ပါပိုးသတ်ဆေးကို တရားမဝင် ရောင်းချနေသည့်ဆိုင်အား ပိတ်သိမ်းပြီး ယင်းပိုးသတ်ဆေးဖြန့်ဖြူးသည့် ကုမ္ပဏီကို ဒဏ်ငွေ ၁၀ သိန်းကျပ် ချမှတ်ကြောင်း မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးမှု ဘေးကင်းလုံခြုံပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စိုက်ပျိုးရေးထုတ်ကုန်များ ဖွံ့ဖြိုးလာစေရေးတို့အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ စိုက်ပျိုးရေးသွင်းအားစုများ အတုအပကင်းစင်ရေးနှင့် အရည်အသွေးပြည့်ဝစေရေးတို့အတွက် တင်သွင်း၊ သိုလှောင်၊ ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းများအပေါ်တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းကျောင်းကြပ်မတ်၍ ထိရောက်သောအရေးယူခြင်း၊ တရားစွဲဆိုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၊ ကန်ကြီးရပ်ကွက်ရှိ “ထွန်းတော်ဝင်” ပိုးသတ်ဆေးဆိုင်တွင် တင်သွင်းခွင့်ထောက်ခံချက်ရယူခြင်းမရှိဘဲ “ရွှေအောင်လ”ဟူသောပိုးသတ်ဆေးအား တရားမဝင် ရောင်းချနေသည့်အပြင် အရည်အသွေးကိုက်ညီမှုမရှိသည့်အတွက် ပိုးသတ်ဆေးဥပဒေအား ချိုးဖောက်သည်ကို စိစစ်တွေ့ရှိရသဖြင့် “ထွန်းတော်ဝင်”ပိုးသတ်ဆေးဆိုင်အားပိုးသတ်ဆေး ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ(ခ)ပါလုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပုဒ်မ ၂၇၊ ပုဒ်မခွဲ(က)အရ ပိုးသတ်ဆေးလက်လီလက်ကား ရောင်းချခွင့်လိုင်စင်နံပါတ် မကတ- အလန-၀၄-၂၀၂၃ (၀၉၆)အား (၁၀-၃-၂၀၂၆) ရက်စွဲပါ ရုံးအမိန့်စာ အမှတ်- ၁/၂၀၂၆ ဖြင့် လိုင်စင်ရုပ်သိမ်းခဲ့ပြီး ဆိုင်ပါပိတ်သိမ်း ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းပိုးသတ်ဆေးဖြန့်ဖြူးသူ မန္တလေးမြို့ရှိ Golden Rocket Co., Ltd. ၏ ဆေးသိုလှောင်သည့်ဂိုဒေါင်မှ လက်ကျန်ပစ္စည်းစုစုပေါင်း ၁၇၀ ကီလိုဂရမ် (၂၀၀ဂရမ်*၅၀ ထုပ်*၁၇ကတ်)ကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ကုမ္ပဏီအား စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးမြို့နယ်ဦးစီးမှူးမှ တရားလိုပြုလုပ်၍ အမှတ်(၉)မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း၊ အဆိုပါတိုင်ကြားမှု နှင့်ပတ်သက်၍ မဟာအောင်မြေမြို့နယ်တရားရုံးမှ “ပိုးသတ်ဆေးဥပဒေပုဒ်မ ၃၉ အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသဖြင့် ဒဏ်ငွေ ၁၀ သိန်းကျပ်တိတိ ပေးဆောင်ရန်နှင့် မပေးဆောင်ပါက ထောင်ဒဏ် (၆)လကျခံရမည်” ဟု စီရင်ချက်ချမှတ်ခဲ့သည့်အပေါ် တရားခံသည် ဒဏ်ငွေကျပ်(၁၀သိန်း) ပေးဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ Golden Rocket Co., Ltd. ကဲ့သို့ ပိုးသတ်ဆေးဥပဒေပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားသည်ကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ ထိရောက်စွာအရေးယူခံရမည် ဖြစ်ကြောင်း သိရှိလိုက်နာစေရေး အများပြည်သူ သိရှိစေရန် မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။