
အာဖဂန်နစ္စတန်အရှေ့ပိုင်းရှိ စစ်သွေးကြွများ ခိုလှုံရာနေရာများကို စက်တင်ဘာ ၂၁ ရက်တွင် ပါကစ္စတန်တိုက်လေယာဉ်များက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ
စစ်သွေးကြွ၂၈ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်လုံခြုံရေးတာဝန်ရှိသူများက ပြောကြားသည်။
သို့သော် အာဖဂန်နစ္စတန်အာဏာပိုင်များကမူ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်ဟုပြောကြားသည်။
အိမ်နီးချင်း နှစ်နိုင်ငံနယ်စပ်အနီး ဖြစ်ပွားခဲ့သော ယခုတိုက်ခိုက်မှုသည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့၏တင်းမာမှုများကို ပြန်လည်မြင့်တက်စေခဲ့ပြီး နယ်စပ်ဖြတ်ကျော် ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
ထို့အပြင် အစ္စလာမ်မာဘတ်နှင့် ကာဘူးလ်တို့ကို စေ့စပ်ညှိနှိုင်းပေးရန် တရုတ် အပါအဝင် ဒေသတွင်းနိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း ခက်ခဲရှုပ်ထွေးသွားစေနိုင်သည်ဟု ဆိုသည်။
လွန်ခဲ့သည့်ရက်ပိုင်းက နယ်စပ်အနီးရှိ ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များအား ပစ်မှတ်ထားသည့် သေစေလောက်သော တိုက်ခိုက်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်ပါကစ္စတန်က
အာဖဂန်နစ္စတန်နယ်မြေအတွင်းရှိ စစ်သွေး ကြွများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု သတိပေးခဲ့ပြီးနောက် ယခုလေကြောင်းတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ပါကစ္စတန် ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားသည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများသည် လွန်ခဲ့သည့် နှစ်များအတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီတွင် ပါကစ္စတန်က အာဖဂန်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် အာဖဂန်ဘက်က လက်တုံ့ပြန် တိုက်ခိုက်ခဲ့ရာမှစ၍ နယ်စပ်ဖြတ်ကျော် တိုက်ပွဲများတွင် လူရာဂဏန်းသေဆုံးခဲ့သည်။
အစ္စလာမ်မာဘတ်အာဏာပိုင်များကမူ အကြမ်းဖက်မှု အများစုသည် ပါကစ္စတန် တာလီဘန်အဖွဲ့နှင့် ၎င်း၏မဟာမိတ် စစ်သွေးကြွအုပ်စုများ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲထားသည်။
ပါကစ္စတန် တာလီဘန်အဖွဲ့သည် ၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်၌ အာဏာပြန်ရလာသည့် အာဖဂန်တာလီဘန်တို့နှင့် သီးခြားစီ ဖြစ်သော်လည်း မဟာမိတ်အဖွဲ့များ ဖြစ်ကြသည်။
စက်တင်ဘာ ၂၁ ရက်လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွဟုသံသယရှိသူ ၂၈ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန် လုံခြုံရေးတာဝန်ရှိသူ နှစ်ဦးက အတည်ပြုပြောကြားခဲ့သော်လည်း အာဖဂန်အစိုးရကမူ အရပ်သားသုံးဦး သေဆုံးခဲ့သည်ဟု ပြောကြားသည်။
နှစ်ဖက်စလုံး၏ ထုတ်ပြန်ချက်များအား သီးခြားလွတ်လပ်သော အဖွဲ့အစည်းများအနေဖြင့် လတ်တလော စိစစ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။
Ref:AP