
စက်တင်ဘာ - ၂၁ ( တနင်္လာနေ့ )
ဆော်ဒီအာရေဗျနိုင်ငံရဲ့ ရေနံစိမ်းတင်ပို့မှု ရပ်ဆိုင်းသွားမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့ လောင်စာဆီ တင်ပို့မှုတွေ ဖိအားနဲ့ ရင်ဆိုင်ရနိုင်တယ် လို့ စွမ်းအင်ကဏ္ဍ လေ့လာသူတွေက သတိပေးလိုက်ပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ဟော်မုဇ်ရေလက်ကြား တစ်လျှောက် ရေနံသယ်ယူမှုတွေ ထိခိုက်နေချိန်မှာ အဓိက အစားထိုးလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဆော်ဒီရဲ့ အရှေ့-အနောက် ပိုက်လိုင်း တိုက်ခိုက်ခံရပြီးနောက်၊ နိုင်ငံပိုင် ဆော်ဒီအာရ်မာကို ကုမ္ပဏီက အိန္ဒိယ ရေနံချက်စက်ရုံတွေကို စာချုပ်ပါ ရေနံစိမ်းတင်ပို့မှုတွေကို နောက်ထပ်အကြောင်းကြားစာ မလာမချင်း ရပ်ဆိုင်းတော့မယ်လို့ အကြောင်းကြားခဲ့ပါတယ်။ ဆော်ဒီအာရ်မာကိုဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခ စတင်ကတည်းက အိန္ဒိယရဲ့ ရေနံစိမ်း တင်သွင်းမှုထဲက ၉ ရာခိုင်နှုန်းခန့်ကို တာဝန်ယူပေးနေခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက အိန္ဒိယ ရေနံချက်စက်ရုံတွေဟာ ဥရောပရဲ့ ဒီဇယ်တင်သွင်းမှုရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ ဂျက်လေယာဉ်ဆီ ရဲ့ ၁၅ ရာခိုင်နှုန်းကို တင်သွင်းပေးခဲ့တာဖြစ်လို့ အိန္ဒိယရဲ့ တင်ပို့မှုပမာဏ ဒါမှမဟုတ် ဈေးနှုန်းတွေ ဖိအားနဲ့ရင်ဆိုင်ရရင် ကမ္ဘာတစ်ဝန်းမှာပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
အိန္ဒိယ အဆင့်သတ်မှတ်ရေး အေဂျင်စီ ICRA ရဲ့ အကြီးတန်း ဒုတိယဥက္ကဋ္ဌနဲ့ စွမ်းအင်ကဏ္ဍ လေ့လာသုံးသပ်သူ ရဲ့ ပြောကြားချက်အရ လက်ရှိမှာ ဒီဇယ်ဈေးကွက် အမြတ်အစွန်းကောင်းမွန်မှုတွေကြောင့် ကုန်ကြမ်းဈေးနှုန်း မြင့်မားနေပေမဲ့ ပို့ကုန်တွေကို အထောက်အကူ ဖြစ်စေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လောင်စာဆီ လိုအပ်ချက် မြင့်မားနေတာကြောင့် ရေနံစိမ်း ရရှိနိုင်မှု အလွန်အမင်း ဆိုးရွားမသွားသမျှ ပို့ကုန်တွေအပေါ် ကြီးကြီးမားမား ထိခိုက်မှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။ လတ်တလော အနေအထားအရတော့ အိန္ဒိယ ရေနံချက်စက်ရုံတွေဟာ ရေနံစိမ်းလိုအပ်ချက်ကို ရက် ၄၅ ရက်စာ ကြိုတင်လုံခြုံအောင် လုပ်ထားနိုင်တာကြောင့် လာမယ့် ရက်ပိုင်းတွေအတွက်တော့ အဆင်ပြေနိုင်သေးတယ်လို့ သိရပါတယ်။
ဆော်ဒီဘက်က ရေနံစီးဆင်းမှုတွေ ဆက်လက်ပြတ်တောက်နေမယ်ဆိုရင် ပိတ်ဆို့မှု အခြေအနေတွေပေါ် မူတည်ပြီး အိန္ဒိယရဲ့ အကြီးဆုံး ရေနံစိမ်းတင်သွင်းပေးသူဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ အခန်းကဏ္ဍက ပိုလို့တောင် အရေးပါလာနိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန် ကွန်ဂရက်က အတည်ပြုခဲ့တဲ့ ဥပဒေအရ အိန္ဒိယအနေနဲ့ ရုရှားစွမ်းအင်ကို ဝယ်ယူမှုအတွက် အမေရိကန်ရဲ့ အခွန်တိုးမြှင့်မှု ၁၀၀ ရာခိုင်နှုန်းအထိ ရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ်။ နယူးဒေလီဘက်ကတော့ ဘယ်လို အခွန်စည်းကြပ်မှုမဆို နိုင်ငံတကာ စွမ်းအင်ဈေးကွက်နဲ့ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
အကယ်၍ ရေနံစိမ်း အစားထိုးရှာဖွေဖို့ ခက်ခဲလာမယ်ဆိုရင် ကုန်ကျစရိတ် မြင့်တက်လာတဲ့ ပြဿနာတင်မကဘဲ ရေနံချက်စက်ရုံတွေရဲ့ ထုတ်လုပ်မှု ပမာဏပါ ကျဆင်းလာနိုင်တဲ့အပြင် စက်ရုံတွေအနေနဲ့ လုပ်ငန်းလည်ပတ်မှုကို လျှော့ချလာရရင် လောင်စာဆီ တင်ပို့မှုတွေလည်း လျော့နည်းသွားနိုင်ပါ တယ်လို့ စွမ်းအင်လေ့လာသုံးသပ်သူ က ဆိုပါတယ်။
ရေနံစိမ်း ပြတ်လပ်မှု ပြင်းထန်လာခဲ့မယ်ဆိုရင် အိန္ဒိယအစိုးရအနေနဲ့ ပြည်ပကို တင်ပို့တာထက် ပြည်တွင်း လိုအပ်ချက်ကို ဦးစားပေး ဖြေရှင်းလာဖို့ အကြောင်းဖန်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကဆိုရင် ရုရှားရဲ့ တင်ပို့မှု လျော့ကျတာနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ ထောက်ပံ့ရေး ပမာဏ ကျပ်တည်းလာချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ရီလိုင်းရင်စက်မှု ကုမ္ပဏီက ဒီဇယ်စည် ၄ သန်း ကနေ ၅ သန်း အထိ တင်ပို့ပေးခဲ့ရပါတယ်။ အဲဒီအချိန်က ဥရောပရဲ့ ဒီဇယ် လက်ကျန်ပမာဏဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လက်တလော အနေအထားအရတော့ အိန္ဒိယ ရေနံချက်စက်ရုံတွေဟာ ရေနံစိမ်းလိုအပ်ချက်ကို ရက် (၄၅) ရက်စာလောက် ကြိုတင် လုံခြုံအောင် လုပ်ထားနိုင်ပြီးသား ဖြစ်တာကြောင့် ဒီပြဿနာကို ယာယီအားဖြင့် ဖြေရှင်းနိုင်ဦးမှာပါ။ “လာမယ့် ရက် ၄၅ ရက်အတွက်တော့ အိန္ဒိယအနေနဲ့ အဓိကအားဖြင့် အဆင်ပြေသွားပါလိမ့်မယ်” လို့ ၎င်းကဆိုပါတယ်။
REF: RT
#News #Myanmar