Myanmar National Post

လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် အယူဝါဒရေး၊ လူမျိုးရေးအကြောင်းပြပြီး နည်းမျိုးစုံဖြင့် နိုင်ငံတော်ပြိုကွဲအောင် လုပ်ဆောင်ခဲ့ကြကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ပြောကြား



နေပြည်တော်၊ စက်တင်ဘာ ၂၂

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ယမန်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရုံးဌာနအသီးသီးမှ တပ်မတော်အရာရှိကြီးများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားရာတွင် လက်နက်ကိုင် သောင်းကျန်းသူများ၏ လုပ်ရပ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားသွားခဲ့သည်။

ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးပြီးချိန်မှစ၍ လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် အယူဝါဒရေး၊ လူမျိုးရေးအကြောင်းပြပြီး နည်းမျိုးစုံဖြင့် နိုင်ငံတော်ပြိုကွဲအောင် လုပ်ဆောင်ခဲ့ကြကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူနှင့်လက်တွဲကာ အသက်သွေးချွေးများစွာပေးဆပ်၍ နိုင်ငံတော်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းထမ်းဆောင်ခဲ့ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ အဖျက်သမားများ၏ သွေးထိုးနှောင့်ယှက် လှုံ့ဆော်ခဲ့မှုများကြောင့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများသည် နည်းမျိုးစုံဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာခဲ့ကြကြောင်း၊ တစ်ချိန်တည်းတွင် ရိုးသားသော တိုင်းရင်းသားပြည်သူများကို သွေးထိုးလှုံ့ဆော်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ကာ နိုင်ငံတော်ပြိုကွဲအောင် လုပ်ဆောင်လာခဲ့သဖြင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်သွေးချွေးများစွာပေးဆပ်၍ စွမ်းစွမ်းတမံ ကြိုးပမ်းကာကွယ်လျက်ရှိကြောင်း။  

မိမိတို့နိုင်ငံသည် ပထဝီနိုင်ငံရေးအရ အချက်အချာနေရာ (Geopolitical Pivot) တစ်ခုအဖြစ် တည်ရှိနေပြီး နိုင်ငံရေးစနစ်မတူညီသည့် အင်အားကြီးနိုင်ငံများအကြားတွင် တည်ရှိကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးသဖြင့် တပ်မတော်က တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို သက်စွန့်ကြိုးပမ်းထမ်းဆောင်နိုင်သည့် အင်အားရှိသော စွမ်းရည်ထက်မြက်သော တပ်မတော်ဖြစ်ရန်အတွက် တပ်မတော်သားတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ပြည့်ဝဖို့လိုကြောင်း၊ သမိုင်းကြောင်းတစ်လျှောက်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို သင်ခန်းစာယူ၍ ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အရာရှိကြီးများအနေဖြင့် သက်ဆိုင်ရာလက်ရုံးတပ်ဖွဲ့များကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်နေကြသူများဖြစ်သည့်အတွက် အရည်အချင်းပြည့်ဝနေရန်လိုပြီး မိမိတို့ဦးဆောင်ရသည့်တပ်ကို စနစ်တကျဖြင့် ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း။   တပ်မတော်အရာရှိကြီးများသည် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် ကျန်းမာကြံ့ခိုင်မှုရှိရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်မှုဟုဆိုရာတွင် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ဖို့လိုကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်နေအောင် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နေကြရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် တပ်မတော်သားများ ဖြစ်ရန်အတွက် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ရန်လည်းလိုအပ်ပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ်တွင် မှန်ကန်သည့် ယုံကြည်မှုဖြင့် သစ္စာစောင့်သိနေရန်လိုကြောင်း။

ကိုယ်ကျင့်တရားနှင့် စည်းကမ်းပိုင်းအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်မှ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ နေထိုင်ရန်လိုပြီး မိမိတို့ကွပ်ကဲမှုအောက်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများကိုလည်း ပြောဆိုဆုံးမသွန်သင်နေရန်လိုကြောင်း။ 

မိမိကိုယ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်လိုအပ်သကဲ့သို့ တာဝန်သိစိတ်ရှိရန်လည်းလိုအပ်ကြောင်း၊ မိမိဦးဆောင်ရသည့် ဌာန၊ အဖွဲ့အစည်းအပေါ်တွင် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြင့် ထိန်းသိမ်းကြပ်မတ်ရန်လိုကြောင်း။  

သတင်းလုံခြုံရေးကိုလည်း တစ်ဦးချင်းစီက အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သတင်းလုံခြုံမှုကျိုးပေါက်ခြင်းကြောင့် များစွာသောထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သဖြင့် လုံခြုံရေးနှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စရပ်မဆို အလေးအနက်ထားထိန်းသိမ်းကြရန်လိုကြောင်း၊ မိမိကိုယ်ကို လေးစားတန်ဖိုးထားရန်လိုပြီး မိမိတို့တာဝန်ယူဆောင်ရွက်နေရသည့် လုပ်ငန်းများ၏ အကျိုးဆက်ကို သိရှိနားလည်ပြီး စနစ်တကျသုံးသပ်ဆောင်ရွက်ကြရန်လိုကြောင်း။ 

တပ်မတော်အရာရှိကြီးများအနေဖြင့် မိမိတို့၏တပ်ဖွဲ့နှင့် သက်ဆိုင်သည့် ဘာသာရပ်များနှင့် လုပ်ငန်းများကိုလည်း Professional ကျကျ ကျွမ်းကျင်ပိုင်နိုင်အောင် အမြဲမပြတ်လေ့လာဆည်းပူးနေကြရန်လိုကြောင်း၊ ကမ္ဘာ့ရေးရာ၊ ဒေသတွင်းနှင့် နိုင်ငံရေးဆိုင်ရာတို့ကို အမြဲလေ့လာနေ၍ တပ်မတော်နှင့် မိမိတို့၏ တပ်ဖွဲ့များအတွက် အကျိုးဖြစ်စေမည့် အရာများကို စူးစမ်းလေ့လာပြီး ကြိုတင်ဆောင်ရွက်နိုင်သည့် အရာများကို အကြံပြုဆွေးနွေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်၍လည်း မျက်ခြေမပြတ်စောင့်ကြည့် သတိပြုရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဖွဲ့စည်းထားရှိရန်လိုကြောင်း။  

တပ်မတော်သားများပီပီ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ရှိရန်လိုကြောင်း၊ တပ်မတော်အရာရှိကြီးများအနေဖြင့် ကိုယ်တိုင်ကိုယ်ကျကောင်းမွန်အောင် ကြိုးစားကျင့်ကြံနေထိုင်ပြီး မိမိတို့၏ လက်အောက်ငယ်သားများနှင့် မိသားစုဝင်များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ကြစေရေး ကြပ်မတ်ကွပ်ကဲဖို့လိုကြောင်း၊ အမျိုးသားအကျိုးစီးပွားဖော်ဆောင်နိုင်ရန် နိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့လိုကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့အတွက် နိုင်ငံတော်ကာကွယ်ရေး စွမ်းအားတောင့်တင်းခိုင်မာဖို့လိုကြောင်း၊ သို့ဖြစ်၍ အင်အားတောင့်တင်းခိုင်မာသည့် တပ်မတော်ဖြစ်စေရေး တပ်မတော်သားတစ်ဦးချင်းစီ၏ အရည်အချင်းမြင့်မားစေရန် ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုကြောင်း၊ စည်းလုံးညီညွတ်စွာဖြင့် လုပ်ဆောင်ကြမည်ဆိုပါက မည်သည့်စိန်ခေါ်မှုကိုမဆို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။  


#News #Myanmar 

မူရင်းသတင်း — Myanmar National Post