
စက်တင်ဘာ - ၂၂ ( အင်္ဂါနေ့ )
ရုရှားနဲ့ အရှေ့အလယ်ပိုင်းက စွမ်းအင် အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေများလာတာကြောင့် ဖော့စဖိတ်အခြေခံ ဓာတ်မြေဩဇာထုတ်လုပ်ရာမှာ အဓိကအသုံးချတဲ့ ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ ဆာလဖာ ထောက်ပံ့ရေးတွေ တင်းကျပ်လာပြီး၊ အိန္ဒိယနိုင်ငံရဲ့ မြေဩဇာလုပ်ငန်းဟာ ဆာလဖာဈေးနှုန်း မြင့်တက်လာမှုဒဏ်ကို ပြန်လည်ခံစားနေရပါတယ်။
အိန္ဒိယနိုင်ငံကို ရောက်ရှိလာတဲ့ ဆာလဖာတစ်တန်ရဲ့ ဈေးနှုန်းဟာ နှစ်ဆန်းပိုင်းကစပြီး နှစ်ဆနီးပါး မြင့်တက်လာခဲ့ကာ အခုဆိုရင် တစ်တန်ကို ၁,၀၅၀ ကနေ ၁,၁၀၀ ဒေါ်လာဝန်းကျင်အထိ ရောက်ရှိနေပါပြီ။ ဒါကြောင့် ဒိုင်အမိုနီယမ် ဖော့စဖိတ် (DAP)၊ စင်ဂယ် ဆူပါ ဖော့စဖိတ် (SSP) နဲ့ အခြားသော ပေါင်းစပ်မြေဩဇာ ထုတ်လုပ်သူတွေအတွက် ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာစေပါတယ်။
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ တစ်နှစ်ကို ဆာလဖာ တန်ချိန် ၃ ဒသမ ၈ သန်းကနေ ၃ ဒသမ ၉ သန်းအထိ သုံးစွဲနေပြီး၊ အဲဒီထဲက ထက်ဝက်ကျော်ကို ဓာတ်မြေဩဇာလုပ်ငန်းတွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။ အိန္ဒိယကုမ္ပဏီတွေဟာ နိုင်ငံအတွင်းမှာ ဓာတ်မြေဩဇာတွေ ထုတ်လုပ်နိုင်ဖိုအတွက် ဆာလဖာနဲ့ ဖော့စဖိတ်ကျောက်များကို အသုံးပြုနေကြတာပါ။ ဒါကြောင့် ဆာလဖာ ရရှိနိုင်မှုဟာ နိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အလွန်တရာ အရေးပါပါတယ်။
ဆာလဖာအများစုကို မြေထဲက တိုက်ရိုက်တူးဖော်တာထက် ရေနံချက်စက်ရုံတွေနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကနေ ဘေးထွက်ပစ္စည်းအနေနဲ့ ပြန်လည်ရယူတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အဲဒီဆာလဖာတွေကို ဆာလ်ဖျူရစ်အက်ဆစ် အဖြစ် ပြောင်းလဲပြီး DAP နဲ့ SSP လိုမျိုး ဓာတ်မြေဩဇာတွေထုတ်လုပ်ဖိုအတွက် ဖော့စဖိတ်ကျောက်တွေကို ပြုပြင်တဲ့နေရာမှာ အသုံးပြုကြပါတယ်။
ယူကရိန်းနိုင်ငံဟာ ဒီနှစ် ပထမ ၅ လအတွင်း ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ဟာ လွန်ခဲ့တဲ့နှစ်ကနဲ့ နှိင်းယှဉ်ရင် နှစ်ဆတိုးလာခဲ့ပါတယ်။ ဒီလို အနှောင့်အယှက်တွေကြားမှာ မော်စကိုအစိုးရက ပြည်တွင်းဓာတ်မြေဩဇာ လုပ်ငန်းအတွက် ထောက်ပံ့မှုတွေကို ကာကွယ်ဖိုဆိုပြီး ဆာလဖာနဲ့ ဆာလ်ဖျူရစ်အက်ဆစ် တင်ပိုမှုတွေကို ကန့်သတ်ထားပါတယ်။ ဒီလို ဆာလ်ဖျူရစ်အက်ဆစ် တင်ပိုမှု ကန့်သတ်ချက်တွေကိုလည်း ဒီနှစ်ကုန်အထိ ဆက်လက်ထားရှိဖို့ ရှိနေပါတယ်။
REF: RT
#News #Myanmar