Myanmar National Post

ဖလမ်းမြို့ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း‌ကျောင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ






ဖလမ်း၊ စက်တင်ဘာ ၂၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် စက်တင်ဘာ(၂၂)ရက်နေ့က ချင်းပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း‌ကျောင်း ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဦးဥတ္တမသာရ တည်ထားကိုးကွယ်ခဲ့သော ရန်ပြေမာန်ပြေအောင်တော်မူ ဓါတ်ပေါင်းစုဆုတောင်းပြည့်စေတီတော် မွမ်းမံ ပြင်ဆင်ရန်အလှူတော်ငွေများ ပေးအပ်လှူဒါန်းသည်။

ရှေးဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျင်မွာလ်ရပ်ကွက်ရှိ  အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် စက်ရက်ကန်း၊ လက်ရက်ကန်းနှင့်ရိုးရာ ဂျပ်ခုတ်သင်တန်းများ ဖွင့်လှစ်နိုင်ရန်ပြင်ဆင်‌ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ခံ နည်းပြဆရာမမှ သင်တန်းသုံးကိရိယာများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် သင်တန်းသား ခေါ်ယူမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဖလမ်းမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် လက်ရက်ကန်း နှင့် ရိုးရာဂျပ်ခုတ်သင်တန်း တက်ရောက်လိုသူများအနေဖြင့် ကြိုတင်စာရင်းပေးထား  နိုင်ပြီဖြစ်ကြောင်း သိရသည်။  

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ လက်ရက်ကန်းကျောင်းအဆောက်အအုံ၊ ရက်ကန်းသင်တန်းသားအမျိုးသားအဆောင်၊  ရက်ကန်း သင်တန်းသားအမျိုးသမီးအဆောင်၊ နည်းပြနေအိမ်၊ ၂ခန်းတွဲဝန်ထမ်းအိမ်ရာနှင့် ကျောင်းအုပ်နေအိမ် ပြုပြင်နေမှုများအား ကြည့်ရှုစစ်‌ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့သွား‌ရောက်ပြီး ရုံးအဆောက်အအုံ၊ ကျောင်းအုပ် နေအိမ်၊ စတိုဆောင်၊ သင်တန်းသားအိပ်ဆောင်များနှင့် စားရိပ်သာအဆောက်အအုံ ပြုပြင်နေမှုများကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးအဆောက်အအုံပြုပြင်ပြီးစီးမှုနှင့် ရုံးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီးပစ္စည်းအရည်အသွေး၊ လုပ်ငန်းအရည်အသွေးများ စံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မှီပြီးစီးနိုင်ရေး ပေါင်းစပ် ညှိနှိုင်းမှာကြားသည်။ 

ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်တန်းသာသနာပြု ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဦးဥတ္တမသာရ တည်ထားကိုးကွယ်ခဲ့သော ရန်ပြေမာန်ပြေအောင်တော်မူ ဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော် မွမ်းမံပြင်ဆင်ရန်အတွက် အလှူရှင်များမှ လှူဒါန်းသည့် လှူဒါန်းငွေများကို ပေးအပ်လှူဒါန်းသည်။ ရန်ပြေမာန်ပြေအောင်တော်မူဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော်ကြီးသည် ၁၉၉၅ခုနှစ် မတ်လ ၂၂ရက်နေ့တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စေတီတော်ကြီး၏ ထုံးသင်္ကန်းများ မှိန်လျော့နေခြင်း၊ စောင်းတန်းများပျက်စီးနေခြင်းနှင့်အတူ စေတီတော်ရှိခြင်္သေ့ နှစ်ကောင်၊ အဆင်းလှေကားများ၊ ဆရာတော်ကြီး၏ရုပ်ထုနှင့် အဝင်မုခ်ဦးများ ဆေးသုတ်ရန် လိုအပ် လျက်ရှိသည့်အတွက် အလှူ‌‌ငွေများကောက်ခံလှူဒါန်းခြင်းဖြစ်ကြောင်း၊ ဖလမ်းမြို့ ရန်ပြေမာန်ပြေ အောင်တော်မူ ဓါတ်ပေါင်းစုဆုတောင်းပြည့်စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် စေတနာရှင် ပြည်သူများမှ ဦးမင်းမင်းလတ် တယ်လီဖုန်းနံပါတ် ၀၉ -၄၄၈၁၉၇၈၇၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ 


#News #Myanmar 

မူရင်းသတင်း — Myanmar National Post