Myanmar National Post

ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ လယ်ယာထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးတိုကို ထိရောက်စွာ ဆောင်ရွက်ရန်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား






နေပြည်တော်၊ စက်တင်ဘာ ၂၃

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စက်တင်ဘာ ၂၃ ရက်က နေပြည်တော်၌ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံ၍ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လယ်ယာနှင့် မွေးမြူရေးထုတ်လုပ်မှု တိုးမြှင့်ရေး၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတ အဓိကထားပြောကြားခဲ့သည်များမှာ -


■ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး

ကုန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံမှုနှင့် ထုတ်လုပ်မှုတိုးတက်ရေးကို ကြပ်မတ်ဆောင်ရွက်ရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကို ဦးစားပေးဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထိုပြင် ကချင်ပြည်နယ်အတွင်း သားငါးဈေးနှုန်းမြင့်တက်မှုကို ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်း မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။


■ လယ်ယာထုတ်လုပ်မှုနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး

ပြည်ပမှ နှစ်စဉ် စားသုံးဆီတန်ချိန် ၅ သိန်းမှ ၆ သိန်းခန့် တင်သွင်းနေရမှုကို လျှော့ချနိုင်ရေးအတွက် နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်းတို့ကို ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်ရန်နှင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုကို စိစစ်၍ ဆီချောထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

စပါး၊ နှမ်းနှင့် ပဲသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” ကို အခြေခံ၍ စနစ်တကျစိုက်ပျိုးရန်၊ သီးထပ်စွမ်းအား မြှင့်တင်ရန်နှင့် စိုက်ဧက၊ အထွက်နှုန်းဆိုင်ရာ ကိန်းဂဏန်းများ မှန်ကန်စွာ တင်ပြရန်လည်း မှာကြားခဲ့ပါသည်။


■ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး

KG+9 ပညာရေးစနစ် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ကျောင်းတက်ရောက်မှုနှင့် စာတတ်မြောက်မှု မြင့်မားရေးတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ကြပ်မတ်ဆောင်ရွက်ရန်၊ ဆရာ၊ ဆရာမ လိုအပ်ချက်များကို ကြိုတင်တွက်ချက်၍ လူ့စွမ်းအားအရင်းအမြစ် စီမံချက်များ ရေးဆွဲရန် မှာကြားခဲ့ပါသည်။

ထို့ပြင် နိုင်ငံတစ်ဝန်းရှိ စံကိုက်ကျောင်း ၅၇၈ ကျောင်းအပြင် စံကိုက်ကျောင်းများ ထပ်မံဖော်ဆောင်နိုင်ရေးအတွက် Master Plan ရေးဆွဲ၍ လာမည့်ဘတ်ဂျက်တွင် ဦးစားပေးဆောင်ရွက်ရန်၊ တက္ကသိုလ်နှင့် ကောလိပ်များ၏ သင်ကြားရေးနှင့် အားကစားအဆောက်အအုံများ တိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ရန်နှင့် ပူတာအိုဒေသ၌ ကောလိပ် သိုမဟုတ် သိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေး လေ့လာဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။


■ ရေအရင်းအမြစ် စီမံခန့်ခွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

အယ်လ်နီညိုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးမှု ဖြစ်ပေါ်နိုင်သဖြင့် ရေကို ချွေတာသုံးစွဲရန်၊ မိုးရေစုဆောင်းခြင်းနှင့် ရေသိုလှောင်ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့အပြင် ရေချိုရှားပါးသည့် ဒေသများတွင် ရေရရှိနိုင်သည့်အချိန်အတွင်း သစ်ပင်များ စိုက်ပျိုးရန်နှင့် စိုက်ပျိုးထားသည့် သစ်ပင်များ အမှန်တကယ် ရှင်သန်ကြီးထွားရေးကို အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။


■ အခွန်ကောက်ခံရေး၊ ဥပဒေပြုရေးနှင့် နိုင်ငံသားစိစစ်ရေး

အခွန်အခများ မှန်ကန်ပြည့်ဝစွာ ကောက်ခံနိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် ဖွဲစည်းပုံအခြေခံဥပဒေ ဇယား (၂) နှင့်အညီ လိုအပ်သည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရေးတို့ကို ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ထိုပြင် မှတ်ပုံတင်အတုနှင့် နိုင်ငံသားအယောင်ဆောင်မှုများကို စစ်ဆေးဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူရန်၊ နိုင်ငံသားစိစစ်ရေးဆိုင်ရာ အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် လိုအပ်သည့် စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။


#News #Myanmar 

မူရင်းသတင်း — Myanmar National Post