Eleven Media Group

ရေးမြို့နယ် ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေး သာသနာပြုနယ်မြေအတွင်းရှိ ကိုရင်လေးကျောင်းတိုက်တွင် ဆွမ်းတော်တစ်ထောင်တင်လှူ ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ် ရေးမြို့နယ် ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေး သာသနာပြုနယ်မြေအတွင်းရှိ ကိုရင်လေးကျောင်းတိုက်တွင် ဆွမ်းတော်တစ်ထောင်တင်လှူပူဇော်ပွဲကို စက်တင်ဘာ ၂၁ ရက်၊ (တော်သလင်းလဆန်း (၁၀) ရက်) နံနက်ပိုင်းက ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းတော်တစ်ထောင်တင်လှူပူဇော်ပွဲအား ကျိုက်ဒေ့တမောဗရတ် ကိုရင်လေး သာသနာပြုနယ်မြေအတွင်းရှိ ဝေဇယန္တာဆံတော်ရှင်စေတီတော်မြတ်ကြီးကို အုတ်မြစ်ချစတင်တည်ထားခဲ့သည့် သက္ကရာဇ် (၁၃၅၆) တော်သလင်းလဆန်း (၁၀) ရက်နေ့၊ ခရစ်သက္ကရာဇ် (၁၉၉၄) ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့အား အစွဲပြု၍ ဆွမ်းတော်တစ်ထောင်တင်ကပ်လှူပူဇော်ပွဲကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၃၂) နှစ်မြောက်ရှိခဲ့ပြီးဖြစ်ကြောင်း ကပ္ပိယတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒီဆွမ်းတော်တစ်ထောင်တင်လှူပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း ကိုရင်လေးဆရာတော်ဘုရားကြီးရဲ့ ဒါယကာ၊ ဒါယကာမတွေက ပူးပေါင်းကျင်းပပြုလုပ်ကြတာဖြစ်ပါတယ်။ တော်သလင်းလ မိုးရာသီကာလဖြစ်ပေမယ့် ဆွမ်းတော်တင်လှူပူဇော်ပွဲပြုလုပ်တဲ့ တော်သလင်းလဆန်း (၁၀) ရက်နေ့၊ မနက်ပိုင်းမှာဆိုရင် မိုးမရွာဘဲ ဒေသခံတွေ၊ အလှူရှင်တွေက ဘုရားရင်ပြင်တော်အပြည့်လာရောက်ကုသိုယ်ယူနိုင်ကြတာကလည်း ထူးခြားမှုတစ်ခုလို့ပြောရမှာပါ” ဟု ပြောကြားသည်။

ထို ဆွမ်းတော်တစ်ထောင်တင်လှူပူဇော်ပွဲသို့ ရေးမြို့နယ်အတွင်းရှိ လမိုင်း၊ ကော့ဒွတ်၊ မော့ကနင်၊ သောင်ပြင်၊ တောင်ဘုံ၊ ရေးမြို့၊ အဘော်၊ ဒူးယား၊ အံဒင်၊ ဟံဂံ၊ ခေါဇာ အစရှိသည့် ဒေသများမှ မွန်ဒေသခံပြည်သူ ထောင်နှင့်ချီကာ နှစ်စဉ်ကုသိုလ်ယူလေ့ရှိကြောင်းလည်း သိရသည်။

မော်လမြိုင် - ရေး ကားလမ်းဘေး ရေးမြို့နယ် ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေတမော့ဗရတ် ကိုရင်လေဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မ မှာ မွန်ဒေသအတွင်း ထင်ရှားကျော်ကြားသော သာသနာပြု ဆရာတော်တစ်ပါးဖြစ်ပြီး၊ ကိုရင်လေးသာသနာပြုနယ်မြေသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများလာရောက်ကြလေ့ရှိကြသော်လည်း ယခုအခါ နယ်မြေလုံခြုံရေးအခြေအနေကြောင့် ဘုရားဖူးလာရောက်မှုနည်းပါးလျှက်ရှိကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group