Eleven Media Group

မြစ်ကြီးနား-မိုးညှင်း မီးရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ပြေးဆွဲမှု နှစ်လပြည့်ပြီဖြစ်

ဇူလိုင် ၂၁ ရက်က ဖွင့်လှစ်ခဲ့သည် မြစ်ကြီးနား-မိုးညှင်း မီးရထားလမ်းပိုင်း နှစ်လပြည့်ပြီဖြစ်ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

အဆိုပါရထားလမ်းသည် မြစ်ကြီးနားမြို့မှ မိုးညှင်းမြို့အထိ ခရီးမိုင် ၁၁၀၊ သံလမ်းမိုင်အားဖြင့် ၁၆၃ မိုင်ကျော်၊ ဘူတာရုံပေါင်း ၃၃ ဘူတာရှိောကာင်း သိရသည်။ ယခင်က ခရီးစတင်သည့် မြစ်ကြီးနားနှင့် မိုးညှင်းမြို့မှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာကြသော်လည်း ယခုအချိန်တွင် နံနက် ၇ နာရီသို့ ပြောင်းလဲဖွင့်လှစ်ထားကြောင်း၊ ယခင်က ငါးတွဲသာ ပြေးဆွဲသော်လည်း ယခုအခါ ခြောက်တွဲအထိ တိုးထားရကြောင်း ရထားစီးနေသူတစ်ဦးက ဆိုသည်။

ဝန်ထမ်းတစ်ဦးက ''ဝန်ထမ်းအတွက်ကတော့ ရထားရှိသွားတော့ ထီပေါက်သလို့ ဝမ်းသာတာ။ အရင်က အိမ်မပြန်ရဲဘူး။ လစာပြောင်သွားလို့။ အခုက သုံးသောင်းလောက်ဆိုရင် အသွားအပြန်ရတယ်။ စနေ၊ တနင်္ဂနွေဆိုရင် ကျောင်းသူကျောင်း
သားကလေးတွေ ရထားမစီးဖူးလို့ ပြည့်ကျပ်နေအောင်စီးကြတာ'' ဟု ဆိုသည်။

မြစ်ကြီးနား-မိုးညှင်း မီးရထားလက်မှတ်ခမှာ ရိုးရိုးတန်း တစ်သောင်းခွဲကျပ်၊ အထက်တန်း နှစ်သောင်းခွဲကျပ် ဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ''အဖျက်အဆီးက မရှိဘူးလို့ပဲ ပြောရမယ်။ ဖွင့်ပြီးရက်ပိုင်းမှာ ဟိုပင်-ကြာကြီးကွင်းနားမှာ သံလမ်းဖြုတ်တာပေါ့။ နောက်တစ်ခုက မိုးညှင်း၊ နန်းမား၊ အင်ကြင်းကုန်း နားမှာပေါ့။
သံလမ်းဖြုတ်ထားတာပဲ။ အခုဆိုရင် ကုန်စည်စီးဆင်းမှုရော၊ လူတွေ သွားလာရေးအတွက် အဆင်ပြေတာပေါ့ဗျာ။ အနှောင့်အယှက်မရှိလေ ကောင်းလေပါပဲ။ နန့်စီးအောင်အထိလည်း သွားဖို့ ပြင်ဆင်နေကြပါတယ်။ ရထားလမ်းပိုင်းရှိတာတော့ ဒီဒေသက
ပြည်သူအတွက် အသက်သွေးကြောပဲလေ'' ဟု ဆိုသည်။

ထို့ပြင် လူဦးရေ ငါးသိန်းကျော်နေထိုင်သည့် မြစ်ကြီးနားခရိုင်နှင့် လူဦးရေ ခြောက်သိန်းကျော်နေထိုင်သည့် မိုးညှင်းခရိုင်တို့အတွက် ကုန်စည်စီးဆင်းမှုများအတွက် များစွာအကျိုးရှိမည်ဟု မိုးညှင်းမြို့ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးသည့်
ဦးစိုင်းလင်းက ဆိုသည်။

၂၀၁၁ နှစ်မှ ၂၀၂၅ ခုနှစ် အတွင်း ကချင်ပြည်နယ်အတွင်း ရထားလမ်းပိုင်းတွင် မိုးခွဲခံရမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မဲဇာ-သဲချောင်း ရထားသံလမ်း၊
မိုးညှင်း နန့်ရင်းချောင်း ကားလမ်းတံတား၊ မော်လူး စီပိန်း ကားလမ်းတံတား၊ ကာဒူ-မော်ဟန်ဘူတာကြားရှိ အမှတ် ၅၅၅၊ ဟိုပင်မြို့မှ မြစ်ကြီးနားဘက်အထွက် သဝက်ချောင်း မီးရထားလမ်းနှင့် ကားလမ်းတံတား၊ ဟိုပင်မြို့အထွက် ဝက်ကုန်းတံံတားတို့
မိုင်းခွဲခံထားရသည်။

မှတ်တမ်းများအရ မီးရထားလမ်းများကို စစ်ကိုင်းမှ ရွှေဘိုသို့ ၁၈၉၁ ခုနှစ်လည်ကောင်း၊ ဝန်းသိုသို့ ၁၈၉၃ ခုနှစ်တွင်လည်းကောင်း၊ ကသာသို့ ၁၈၉၅ ခုနှစ်တွင်လည်းကောင်း၊ မိုးကောင်းမြို့သို့ ၁၈၉၇ ခုနှစ်တွင်လည်းကောင်း၊ မြစ်ကြီးနားသို့
၁၈၉၈ ခုနှစ်တွင်လည်းကောင်း မီးရထားလမ်းများ ဖောက်လုပ်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် စတင်တည်ဆောင်ခဲ့သည့် စစ်ကိုင်းတံတားမှာ ၁၉၃၄ ခုနှစ်တွင် ပြီးစီးခဲ့သဖြင့် အထက်မြန်မာပြည်အတွက် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးခဲ့သည်။

မူရင်းသတင်း — Eleven Media Group