
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ မြို့နယ် ၂၈ မြို့နယ်ရှိ တောင်သူ ၁၅၄၀၆၈ ဦး၊ စိုက်ဧက ၉၇၉၃၉၂ ဧကအတွက် ချေးငွေစုစုပေါင်း ကျပ် ၂၉၃ ဒသမ ၇ ဘီလျံ ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေစည်းကမ်းချက်များနှင့် ကိုက်ညီပါက တောင်သူတစ်ဦးချင်းသော်လည်းကောင်း၊ ကျေးရွာအုပ်စုတစ်ခုလုံးအတွက်သော်လည်းကောင်း ချေးငွေထုတ်ချေးပေးလျက်ရှိကြောင်း တိုင်းဒေသကြီး စီမံ/ဘဏ္ဍာရေးဝန်ကြီး ဦးဇော်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါဖြေကြားချက်အား စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပထမနေ့) အခမ်းအနားတွင် တောင်ငူမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးသန်းစိုး မေးမြန်းခဲ့သည့် မေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဦးသန်းစိုးက တောင်သူများအနေဖြင့် ယခင်က မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ ချေးငွေထုတ်ယူရာတွင် ကျေးရွာအုပ်စုအလိုက် ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးငွေထုတ်ယူရပြီး တောင်သူများပိုင်ဆိုင်သည့် ပုံစံ(၇) မူရင်းများကို ဘဏ်တွင် အပ်နှံထားရကြောင်း ၊ စပါးသီးနှံပေါ်ပြီး ချေးငွေပြန်လည်ပေးဆပ်ချိန်တွင် တချို့တောင်သူများက အကြွေးကျေအောင် ပြန်လည်ပေးဆပ်နိုင်သော်လည်း တချို့တောင်သူများမှာ အကြွေးပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသည့် အခြေအနေများ ရှိနေကြောင်း၊ ထိုသို့ လူနည်းစုတောင်သူများ၏ အကြွေးမကျေမှုကြောင့် အကြွေးကျေပြီးသည့် တောင်သူများပါ ချေးငွေပြန်လည်ရရှိရန် အချိန်ကြာမြင့်နိုင်ပြီး သီးနှံပြန်လည်စိုက်ပျိုးချိန်တွင် စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူရန် အခက်အခဲများ ကြုံတွေ့ရနိုင်သဖြင့် အကြွေးကျေပြီးသည့် တောင်သူများကို အစုလိုက်စနစ်မဟုတ်ဘဲ တစ်ဦးချင်း ချေးငွေထုတ်ပေးနိုင်မည့် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအား မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါမေးခွန်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး စီမံ/ဘဏ္ဍာရေးဝန်ကြီး ဦးဇော်ဝင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ၂၀၁၈ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေမှ စတင်၍ တောင်သူတစ်ဦးချင်းပိုင်ဆိုင်သည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ကို အာမခံအပေါင်ပစ္စည်းအဖြစ်ရယူပြီး တောင်သူတစ်ဦးချင်းနှင့် စာချုပ်ချုပ်ဆို၍ ချေးငွေထုတ်ပေးသည့်စနစ်သို့ ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေ လျှောက်ထားမှုများကို စိစစ်ထောက်ခံပေးရန် ကျေးရွာအုပ်စုတစ်ခုလျှင် ချေးငွေစိစစ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ အုပ်စုတာဝန်ကျစာရေး၊ စိုက်ပျိုးရေးဦးစီးဌာနမှ အုပ်စုတာဝန်ကျစာရေးနှင့် ချေးငွေစည်းကမ်းလိုက်နာသည့် တောင်သူများအနက်မှ ကိုယ်စားလှယ်တစ်ဦး(အတွင်းရေးမှူး) တို့ ပါဝင်ကြောင်း မေးခွန်းနှင့်ဆက်စပ်ပြီး ဖြေကြားခဲ့သည်။
ထို့အပြင် ချေးငွေလျှောက်ထားလိုသည့် တောင်သူများအနေဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု ချေးငွေစိစစ်ရေးအဖွဲ့ထံတွင် တောင်သူတစ်ဦးချင်း၏ ပုံစံ(၇) မူရင်းကို တင်ပြ၍ လျှောက်ထားရပြီး အဖွဲ့က စိစစ်ထောက်ခံတင်ပြလာသည့် တောင်သူများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထပ်မံစိစစ်ကာ ချေးငွေစည်းကမ်းချက်များနှင့် ကိုက်ညီပါက တစ်ဦးချင်းသော်လည်းကောင်း၊ ကျေးရွာအုပ်စုတစ်ခုလုံးအတွက်သော်လည်းကောင်း ချေးငွေထုတ်ချေးပေးလျက်ရှိကြောင်း ဖြေကြားခဲ့သည်။
ဆက်လက်ပြီး လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် အထောက်အကူဖြစ်စေရန် လယ်ယာသုံးစက်ကိရိယာအမျိုးမျိုး၊ အခြောက်ခံစက် (Dryer)၊ သိုလှောင်ရုံ၊ Silo (စိုင်းလို) နှင့် ဆန်စက်များ ဝယ်ယူရန် နှစ်တို၊ နှစ်ရှည်ချေးငွေများလည်း ထုတ်ချေးပေးလျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်ရှိ တောင်သူ ၁၅၄,၀၆၈ ဦး၊ စိုက်ဧက ၉၇၉၃၉၂ ဧကအတွက် ထုတ်ချေးပေးထားပြီး ချေးငွေစုစုပေါင်းမှာ ကျပ် ၂၉၃ ဒသမ ၇ ဘီလီယံရှိကြောင်း သိရသည်။