Eleven Media Group

■ လေးမျက်နှာမြို့နယ်တွင် ငဝန်တာကျိုးသည့်နေရာအား ရေဝင်ရောက်မှုတားဆီးရေးလုပ်ငန်း ပြီးစီး

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်တွင် ငဝန်တာကျိုးသည့်နေရာအား ရေဝင်ရောက်မှုတားဆီးရေးလုပ်ငန်း ယနေ့ (စက်တင်ဘာ ၂၂ ရက်) တွင် ပြီးစီးခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ငဝန်တာ ရေဝင်လမ်းကြောင်းအား အပြီးသတ် ပိတ်ဆို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့ (စက်တင်ဘာ ၂၂ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် Sheet Pile အားလုံးကို အပြည့်အဝ ရိုက်သွင်း ပိတ်ဆို့နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရေစီးသန်သည့် အခက်အခဲကြားမှ Sheet Pile များဖြင့် ပိတ်ဆို့နိုင်ခဲ့ပြီးဖြစ်သည့်အပြင် အဆိုပါ ရိုက်ပြီးသား Sheet Pile များနှင့် တာတမံ ရေရှည်ပိုမိုခိုင်မာတောင့်တင်းစေရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေဝင်လမ်းကြောင်းကို ထိရောက်စွာ အဟန့်အတားပြုလုပ်နိုင်ခဲ့ပြီဖြစ်သဖြင့် ကျန်ရှိနေသည့် ရေတား/ ရေပိတ် လုပ်ငန်းစဉ်များအားလုံး ရာနှုန်းပြည့် ပြီးစီးအောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group