Eleven Media Group

မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုစက်ကွင်းမိ၍ ဘောလုံးသမားတစ်ဦး သေဆုံး

မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုစက်ကွင်းမိ၍ ဘောလုံးသမားတစ်ဦး သေဆုံးမှု ယနေ့ (စက်တင်ဘာ ၂၂ ရက်) ညနေပိုင်းက ဖြစ်ပွားကြောင်း သိရသည်။

ယနေ့ (စက်တင်ဘာ ၂၂ ရက်) ညနေ ၅ နာရီ မိနစ် ၄၀ ခန့်တွင် မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ကျင်းပပြုလုပ်နေသည့် မုဒုံမြို့နယ်အမျိုးသားအလွှတ်တန်းဘောလုံးပြိုင်ပွဲ၌ Lion City (မော်လမြိုင်) အသင်းမှ ရှေတန်းကစားသမားဖြစ်သူ Sa Sa (ကျောနံပါတ် - ၉) မှာ မိုးကြိုးစက်ကွင်းထိမှန်ကာ လဲကျသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး "ဘောလုံးကန်နေတဲ့အချိန်မှာ မိုးကရွာနေတယ်။ မိုးချိမ်းပြီး မိုးကြိုးပစ်သံကြားလိုက်တဲ့အချိန်မှာ ဘောလုံးသမားက ကွင်းထဲမှာလဲကျနေပြီး အသက်ပါ ပါသွားတာပါ" ဟု ပြောကြားသည်။

မိုးကြိုးစက်ကွင်းမိ၍ သေဆုံးခဲ့သည့် Sa Sa ၏ ရုပ်အလောင်းအား Myanmar Young Mudon Rescue မှ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲသည် မုဒုံမြို့နယ်အမျိုးသားအလွှတ်တန်းဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်ပြီး ယင်းပွဲစဉ်ကို Lion City FC နှင့် Taung Paw Thar FC တို့ ယှဉ်ပြိုင်ကစားနေစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Photo - Myanmar Young Mudon Rescue

မူရင်းသတင်း — Eleven Media Group