
တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ်(၁၂) ရပ်ကွက် စက်မှုဇုန် တိုးချဲ့မြေဧရိယာပေါ်ရှိ နေအိမ်များသည် တရားမဝင် ဆောက်လုပ်ထားဟုဆိုပြီး ကျူးကျော်သတ်မှတ်ကာ ပထမအကြိမ် သတိပေးစာကပ်ထားကြောင်း သိရသည်။
အေးသာယာမြို့၊ အမှတ်(၁၂) ရပ်ကွက် စက်မှုဇုန် တိုးချဲ့မြေဧရိယာပေါ်တွင် မြေပေးမိန့်ဖြင့် ခွင့်ပြုထားခြင်း မရှိဘဲ တရားမဝင် ဆောက်လုပ်ထားကြောင်း တွေ့ရှိရသဖြင့် ထိုမြေပေါ်တွင် ဝင်ရောက်နေထိုင်ခြင်း မပြုဘဲ ထွက်ခွာသွားရမည့်အပြင် ၎င်းမြေပေါ်မှ နိုင်ငံပိုင်ပစ္စည်းမှတစ်ပါး အခြားအရပ်ရပ် ပစ္စည်းများကိုလည်း အမိန့်စာပါနေ့ရက်မှစတင်၍ ၂၁ ရက်အတွင်း ရွေ့ပြောင်းထုတ်ယူရမည့် အကြောင်း ပါရှိသည်။
၁၈၈၉ ခုနှစ် အထက်မြန်မာပြည်မြေနှင့် အခွန် စည်းမျဉ်းဥပဒေ ပုဒ်မ ၂၅ (ဃ) နှင့် နည်းဥပဒေ ၆၉(၁) တို့အရ နို့တစ်စာ ထုတ်ပြန်လိုက်ကြောင်း ဆိုသည်။
ထိုဆင့်စာပါ အမိန့်အတိုင်း လိုက်နာရန်ပျက်ကွက်ပါက ၁၈၈၉ ခုနှစ် အထက်မြန်မာပြည်မြေနှင့် အခွန် စည်းမျဉ်းဥပဒေ ပုဒ်မ ၂၅ (ဃ) နှင့် နည်းဥပဒေ ၆၉(၂) တို့အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက် ကျင်းပပြုလုပ်သော ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်သဘောတူညီချက် အပိုဒ် ၅ (က) အရ ခရိုင်ကော်လိတ်တော် အရာရှိက လက်မှတ် ရေးထိုး ထုတ်ပေးလိုက်ကြောင်း ဖော်ပြထားသည်။
“အန်တီတို့က လုပ်စားတာ ၁၉၈၈ ခုနှစ်ထဲကပေါ့။ ကျောင်းသားလည်း ဒီထဲမှာပဲ၊ ဒီခြံမှာပဲ ပြောင်းစိုက်တာ နှစ်စဉ်နှစ်တိုင်းပဲ၊ ၂၀၀၆ ခုနှစ် မှာ ဇုန် ၃ တိုးချဲ့လုပ်တယ်ဆိုပြီး တောင်သူတွေကို ခေါ်ယူဆွေးနွေးခြင်း မရှိဘဲ ဒိုဇာနဲ့ ထိုး၊ လမ်းတွေထိုးပေါ့၊ အများကြီး ပျက်စီးသွားတာ အဲ့ထဲက စိတ်မချမ်းသာခဲ့ရဘူးပေါ့။ စာလာကပ်တာ ၂၁ ရက်အတွင်း ဖယ်ရမယ်။ မဖယ်ပေးရင် အရေးယူမယ် ဆိုတော့ အားကိုးစရာလည်း မရှိဘူး။ သတင်းစာ ထဲတောင် ထည့်ပြီးပြီ ပြောတယ်။ အန်တီတို့ တကယ်နစ်နာတာပေါ့။ ဇုန်မတည်ခင်က လုပ်စားလာတာ၊ ဒီခြံပဲ ရှိတာ တခြားနေစရာလည်း မရှိဘူး။ တခြားနေစရာ လည်း မရှိဘူး။ အန်တီတို့က ဘယ်လိုမှ မဖယ်ပေးနိုင်ဘူး။ နိုင်ငံတော်က သိမ်းတာဆိုရင် တမျိုးပေါ့။ နိုင်ငံတော် စီမံကိန်းဆိုရင် ဖယ်ပေးရတာ တမျိုးလေ၊ မဖယ်ပေး နိုင်ဘူးပေါ့။ ကျောင်းသားလည်း ရှိတယ်” ဟု ခြံပိုင်ရှင် ဒေါ်ညွန့်ညွန့်ဆွေက ပြောသည်။
“၂၁ ရက်အတွင်း ဖယ်ပေးပါတဲ့၊ လိုအပ်တာ မေးတော့ မဖြေဘဲ ထွက်သွားတယ်။ သားဆိုရင်လည်း ကျောက်ကပ်ဝေဒနာရှင်၊ ကျောင်းသားတွေကို ဘယ်လို စောင့်ရှောက်မလဲ၊ နေထိုင်မှု ဘယ်မှာ နေမလဲ၊ ခုဖယ်ဆိုရင် ကျွန်တော်တို့ ဘယ်မှာ သွားနေကြမလဲ၊ ဘယ်လိုမှ အဆင်မပြေပါဘူး။ နိုင်ငံတော်အစိုးရက ထိထိမိမိ သိမ်းတယ်မှန်ရင် အစားထိုး မြေကွက်လေးတွေ ပြန်လည်ချထားပေးပါရန် တဦးနဲ့ တဦး မျှမျှတတလေး ကျေနပ်ပါတယ်ရှင့်” ဟု ခြံပိုင်ရှင် ဒေါ်မိုးကြည်က ပြောသည်။
ခြံပိုင်ရှင်များဘက်မှ ဆက်လက်၍ သက်ဆိုင်ရာထံ အဆင့်ဆင့် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
“၁၉၉၆ ခုနှစ်ထဲက နိုင်ငံတော်အစိုးရ သတ်မှတ်တည်ထောင်ထားတာ၊ သိမ်းတာလည်း သစ်တောမြေက စွန့်လွှတ်ပြီးမှ အသေးစား အလတ်စား အငယ်စား စက်မှုလုပ်ငန်းတွေကို လုပ်ငန်းရှင်တွေကို ချပေးထားတာ၊ ခရမ်းချဉ်သီးစက်ရုံ၊ ဓါတ်မြေဩဇာ စက်ရုံတို့ လုပ်နေပြီ။ မြေပေးမိန့် ရထားပြီး လက်ရှိ လုပ်ငန်း ဝင်မလုပ်ရသေးတဲ့ လုပ်ငန်းရှင်တွေကလည်း ဝင်လုပ်ချင်မှာပဲ၊ သို့သော် ကျူးတွေက ဝင်ကျူးထားတော့ မလုပ်နိုင်ဘူး။ တစ်ဇုန်လုံး ဆိုရင်တော့ ၂၉၂ ယောက်ရှိတယ်။ ဥပဒေအတိုင်းပဲ သွားမယ်။ ပထမအကြိမ် နို့တစ် ထုတ်ပေးထားတယ်။ လူကြီးတွေက ပေးပါဦးဆိုရင် ပေးမယ်။ ဒုတိယ၊ တတိယအကြိမ် သတိပေးတာက လူကြီးတွေက တိုးချဲ့ပေးပါဦးရင်ပေါ့၊ အကုန်လုံးလည်း ပါတာပေါ့။ ခုလောလောဆယ်တော့ သူတို့မြေမဟုတ်ဘဲ ကျူးနေတဲ့သူကို တွေ့တာနဲ့ ချက်ချင်း နို့တစ်ထုတ်တယ်” ဟု တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူးဦးဆန်းမော်က ပြောသည်။