Eleven Media Group

တောင်ကြီးမြို့တွင် ကျောက်တုံးကြီးတစ်တုံး လိမ့်ကျပြီးနောက် တောင်ထိပ်ကျောက်သားများကို ပညာရှင်များ အဖွဲ့ဖြင့် စစ်ဆေးမည်

တောင်ကြီးမြို့တွင် ကျောက်တုံးကြီးတစ်တုံး လိမ့်ကျပြီးနောက် တောင်ထိပ် ကျောက်သားများကို ပညာရှင်များ အဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်ကြေင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီကျော်တွင် ဘုရားတောင်မှ ကျောက်တုံးကြီး လိမ့်ကျခြင်း ဖြစ်ကာ သတ္တုတွင်းဦးစီးဌာနရုံး၏ ရုံးအဆောက်အဦးကို ထိခိုက်ပြီး လမ်းမှ တစ်ဖက်တစ်ချက် BOC ဆီဆိုင်ဘေးနားရှိ ဆီသိုလှောင်ရာ မြေနေရာသို့ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို၊ သစ်တောရပ်ကွက်၊ သတ္တုတွင်းဦးစီးဌာနရုံးသို့ ပြိုကျခဲ့သဖြင့် ရုံးအဆောက်အဦ တစ်ခု ပျက်စီးခဲ့ပြီး ထပ်မံကျရောက်နိုင်သော စိုးရိမ်မှုကြောင့် ရုံးနေရာ ယာယီရွေ့ပြောင်းထားကြောင်း သိရသည်။

“အခုအစိုးရအနေနဲ့ အဲ့ကျောက်တုံး ပြိုကျတဲ့ နေရာကို သက်ဆိုင်ရာ ဘူမိဗေဒပညာရှင်တွေ ကွင်းဆင်း စစ်ဆေးတဲ့ အဆင့်ပဲရှိသေးတယ်။ အဲဒါပြီးမှ အစီရင်ခံစာ အသေးစိတ်ထွက်မယ်။ အခုလောလောဆယ် စစ်ဆေးတုန်းပဲ ရှိသေးတယ်။ တောင်ကြီးက ဘူမိဗေဓ ကဒုညွှန်နဲ့ နေပြည်တော်က ညွှန်မှူးလာမယ်။ ပြည်နယ်ကနေပဲ စိစစ်နေတယ်။ မနက်ဖြန်၊ သဘက်ခါကျရင် ဌာနရုံးချုပ်ကနေ ညွှန်ကြားရေးမှူး လာစစ်မယ်။ အဲဒီချိန်မှ ပြည်နယ် အစိုးရရော ပြည်ထောင်စုအစိုးရရော တင်ပြမယ်။ ဘာလုပ်သင့်မယ်ဆိုတာ ထွက်လာမယ်ပေါ့။ အခုမှ တစ်ရက်ပဲ ရှိသေးတယ်။ အင်ဂျင်နီယာတွေလည်း ပါတယ်။ အစီရင်ခံစာ တက်လာမှ ပြောလို့ရမယ်နော်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်က ပြောသည်။

၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးတွင်လည်း ထိုနေရာအနီး၌ တောင်ကြီးတောင်ပေါ်မှ ကျောက်တုံး ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group