Myanmar National Post

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြား







နေပြည်တော်၊ စက်တင်ဘာ ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ယမန်နေ့က နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ကြသည်မှာ ၆ လတာကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ရွေးကောက်ခံအစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ မိမိတို့၏အတွေ့အကြုံကောင်းများကိုအသုံးချ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏လူမှုစီးပွားဘဝ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ အပါအဝင် ဖွံ့ဖြိုးတိုးတက်လာစေရေး အမြဲမပြတ်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း။

လတ်တလော ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း မိမိတို့ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက်သည်များကို အမှန်တကယ်လုပ်ကိုင်ဖြေရှင်းပေးနိုင်ရေးကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ဒေသအလိုက် ဝမ်းစာဖူလုံမှုရှိစေရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဒေသလိုအပ်ချက်အပေါ်မူတည်၍ စနစ်တကျတွက်ချက်ကာ တိုးချဲ့ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကလိုအပ်နေသည်မှာအားလုံးက အမှန်တကယ် အလုပ်လုပ်ကြရန်ဖြစ်ကြောင်း၊ ဒေသတွင်းစားရေးဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်ခွင့်ပြုချထားပေးသည့် မြေနေရာများကိုလည်း မှန်မှန်ကန်ကန်အသုံးချမှုမရှိဘဲ အခြားနည်းများဖြင့် တလွဲအသုံးချနေခြင်းများကိုလည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျ ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်နေကြရန်လိုကြောင်း။

ထို့ပြင် ဒေသအလိုက် လုံခြုံရေးပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ တရားမဝင်ကုန်စည်စီးဆင်းမှု တိုက်ဖျက်ရေးအရသော်လည်းကောင်း ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များရှိကြောင်း၊ အဆိုပါစစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကိုအကြောင်းပြ၍ ပေးအပ်ထားသည့် အခွင့်အာဏာကို မလျော်ကန်စွာအသုံးချနေခြင်းများရှိနေကြောင်း၊ ထို့ကြောင့်တရားမဝင်ကုန်စည်စီးဆင်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူလူထုအနေဖြင့် ခံစားနေကြရကြောင်း၊ အဆိုပါကိစ္စရပ်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားကြရန်နှင့် တရားဥပဒေချိုးဖောက်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် အလေးအနက်ထား မှာကြားလိုကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးသည့် မြေအခြေအနေ၊ ရာသီဥတု အခြေအနေများအပေါ်မူတည်ပြီး နိုင်ငံတကာနှင့်ချိန်ထိုး၍ နှစ်ပေါင်းများစွာအချိန်ယူကာ စနစ်တကျသုတေသနပြု လေ့လာဆန်းစစ်တွက်ချက်ပြီး ပန်းတိုင်ရည်မှန်းချက်ကို သတ်မှတ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ဆီဖူလုံမှုနှင့်ပတ်သက်၍ ဆီထွက်သီးနှံများအား ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဖူလုံနိုင်မည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်း၊ ဆီထွက်သီးနှံများအား ဆီကြိတ်ခွဲခြင်းမပြုလုပ်ဘဲ မိရိုးဖလာစားသုံးမှု၌ အသုံးပြုခြင်း၊ မြေပဲ၊ နှမ်းတို့ကို ကုန်ကြမ်းအဆင့်ဖြင့်ပင် ပြည်ပသို့တင်ပို့ခြင်းများလည်း ဆောင်ရွက်နေကြရသည်ကိုလည်း တွေ့မြင်ရကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းဆီဖူလုံမှုရှိစေရေး မိမိတို့အနေဖြင့် ဆီထွက်သီးနှံများ အမှန်တကယ်စိုက်ပျိုးကြရန်နှင့် တစ်ဧကအထွက်နှုန်းအတိုင်းထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက် သွားကြမည်ဆိုပါက ပြည်ပမှစားသုံးဆီများ နှစ်စဉ်တင်သွင်းနေရမှုကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း။

ဆီထွက်သီနှံများဖြစ်သည့် နှမ်း၊ နေကြာ၊ မြေပဲ၊ ပဲပုတ်နှင့် ဆီအုန်းစသည့် သီးနှံများကို မိမိတို့နိုင်ငံတွင် အဓိကစိုက်ပျိုးကြောင်း၊ အဆိုပါအဓိကဆီထွက်သီးနှံများကို အမှန်တကယ် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုး၊ ထုတ်လုပ်ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို များစွာအထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခင်ကမြေနေရာများစွာကို ခွင့်ပြုပေးထားသော်လည်း ဆီအုန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ အားနည်းချက်များစွာရှိနေသေးသည်ကို တွေ့ရှိရကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းများအောင်မြင်အောင်စိုက်ပျိုး၍ စားသုံးဆီများကို ထုတ်လုပ်နိုင်မည်ဆိုပါက တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အတွက် ဒေသတွင်းစားသုံးဆီများဖူလုံစွာရရှိမည်ဖြစ်ကြောင်း၊

စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အဓိကနည်းလမ်းလေးသွယ်ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းကို စနစ်တကျဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် Contract Farming စနစ်ဖြင့် ဆောင်ရွက်နိုင်သော်လည်း တောင်သူများတစ်ဦးချင်း၏ အကျိုးကို ပိုမိုဖော်ဆောင်နိုင်ရေးအတွက် မြန်မာ့အစဉ်အလာနှင့် ကိုက်ညီသည့် စုပေါင်းသမဝါယမစနစ်ကို ဖော်ဆောင်ပြီး တောင်သူများစုပေါင်းစိုက်ပျိုးသည့်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့တောင်သူများ စုပေါင်းစိုက်ပျိုးရန်အတွက် လိုအပ်သည့် စိုက်ပျိုးရေးချေးငွေများကိုလည်း နိုင်ငံတော်အနေဖြင့် သတ်မှတ်ချက်များအတိုင်း စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း။

သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း အခြေခံကိန်းဂဏန်း အချက်အလက်များ မှန်ကန်ရန်လိုကြောင်း၊ သီးထပ်စွမ်းအားတိုးတက်လာစေရေးဆောင်ရွက်ရာတွင် ရာသီဥတုနှင့် မြေအနေအထားကိုက်ညီသည့်သီးနှံများကို အချိန်မီစိုက်ပျိုးဆောင်ရွက်သွားရန်လိုကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိစေရေးအတွက်လည်း ပြည်ပမှတင်သွင်းခွင့်များကို အခွန်ကင်းလွတ်တင်သွင်းခွင့်ပြုပေးထားကြောင်း၊ မြေပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဓာတ်မြေဩဇာများထည့်သွင်းရန်လိုအပ်သကဲ့သို့ တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများအသုံးပြု၍ ဇီဝမြေဩဇာအဖြစ်အသုံးပြုခြင်း၊ ပိုက်ဆံလျှော်ပင်များ၊ ဉာဏ်ပင်များစိုက်ပျိုး၍ သဘာဝမြေဩဇာအဖြစ် အသုံးပြုခြင်းများကို ဆောင်ရွက်သွားနိုင်ကြောင်း၊ စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကောက်ကွက်များ ပြည့်မီစေရေး စံသတ်မှတ်ချက်များအတိုင်း စိုက်ပျိုးနိုင်ရေးဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေး နိုင်ငံတော်မှ လိုအပ်သည်များဖြည့်ဆည်းပေးလျက်ရှိသကဲ့သို့ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း တစ်ဧကအထွက်နှုန်း တိုးတက်စေရေးတစ်ဦးချင်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကအရေးကြီးသဖြင့် မိမိတို့အစိုးရအနေဖြင့် တစ်မျိုးသားလုံးပညာရည်မြင့်မားရေး ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်အနေဖြင့်လည်း အလေးထားအားပေးဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ပညာရည်မြှင့်တင်ရေးနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရချိန်တွင်လည်း နိုင်ငံတော်၏ပညာရည်မြင့်မားရေးအတွက် KG+9 အထိ မသင်မနေရပညာရေးစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသများ၏ ပညာရည်မြှင့်တင်မှုဆိုင်ရာ စစ်တမ်းများကို စနစ်တကျပြုစု၍ သုတေသနပြု လေ့လာဆန်းစစ်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုပြီး ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ မြင့်မားလာစေရေး ဆောင်ရွက်သွားကြရန် အလေးထားမှာကြားလိုကြောင်း၊ ပညာရည်မြင့်မားရေးနှင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် ဆက်စပ်လျက်ရှိနေပြီး စီးပွားရေးအရအားကောင်းမှသာလျင် မိဘများအနေဖြင့်လည်း ပညာရေးကို အားပေးဆောင်ရွက်နိုင်မည်ဖြစ်ပြီး တန်းစဉ်ကူးပြောင်းမှုများ မြင့်မားလာမည်ဖြစ်သဖြင့် ဝန်ကြီးချုပ်များအနေဖြင့် ဒေသ၏ စီးပွားရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်ပြီး အားကောင်းလာစေရေး အလေးအနက်ထား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။

စာကြည့်တိုက်များဆောင်ရွက်ပေးနေခြင်းသည် သုတရသစာအုပ်စာစောင်များအား ဖတ်ရှုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များအတွက် လိုအပ်သည့် သုတ၊ ရသ စာအုပ်စာစောင်များကို နိုင်ငံတော်မှ လစဉ်ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ အတန်းအလိုက် သင်ကြားပေးသည့် အတန်းပညာရပ်များကို အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရန်လိုအပ်သကဲသို့ အတွေးအခေါ် မြင့်မားစေရေးအတွက်လည်း ပြင်ပဗဟုသုတစာပေများကိုလည်း အမြဲဖတ်ရှုနေရန်အတွက် တာဝန်ရှိသူများက ကြပ်မတ်စည်းရုံးဆောင်ရွက်နေကြရန်လိုကြောင်း၊ ဗဟုသုတရရှိမည့် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့် တွေးခေါ်မြော်မြင်မှုများ ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဖွင့်လှစ်ပေးထားသည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများကိုလည်း သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများဖြစ်စေရေးနှင့် စနစ်တကျဖြစ်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အုပ်ချုပ်မှုပိုင်းဆိုင်ရာနှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း။

အခြေခံပညာကျောင်းများအတွက် သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမများ လိုအပ်ချက်ရှိနေဆဲဖြစ်သဖြင့် မည်ကဲ့သို့မွေးထုတ်ပေးသွားမည်ကိုလည်း အဖြေရှာဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသအလိုက် ပညာရေးဒီဂရီကောလိပ်များမှ မွေးထုတ်ပေးပြီး သင်တန်းဆင်းလာသူများကိုလည်း စနစ်တကျဖြင့် မှန်မှန်ကန်ကန်နေရာချထား တာဝန်ပေးအပ်သွားရန်လိုကြောင်း၊ ၎င်းတို့အနေဖြင့် ၎င်းတို့နေထိုင်ကြသည့် ဒေသများအလိုက် ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည်မြင့်တင်ရေးလုပ်ငန်းတာဝန်များကို အောင်မြင်စွာထမ်းဆောင်၍ဒေသအတွက် ဆက်လက်အကျိုးပြုသွားနိုင်ကြရန်လိုကြောင်း၊ ပညာရေးနှင့်ဆက်စပ်၍ ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးမှုနှင့် ကျန်းမာသန်စွမ်းမှုရှိစေရေးအတွက်လည်း ကာယပညာရပ်များ သင်ကြားပေးခြင်း၊ ဒေသအလိုက် အားကစားကွင်းများ၊ အားကစားရုံများ၊ အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုဒေသ၌ လူဦးရေအချိုးအစားအရ ဒေသနှင့်ကိုက်ညီသည့် ဒီဂရီကောလိပ်တစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ဥပဒေနှင့် စီးပွားရေးဘာသာရပ်များအပါအဝင် သင့်လျော်သည့် ဘာသာရပ်များဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးမည်ဆိုပါက ဒေသအတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်းနှင့် ပူတာအိုဒေသ၌ ဒီဂရီကောလိပ်တစ်ခု ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း။

ယခုအခါ ကမ္ဘာနှင့်အဝန်းတွင် ရာသီဥတုဖောက်ပြန်မှုများဖြစ်ပေါ်လျက်ရှိပြီး ပြင်းထန်သည့် အယ်လ်နီညိုအပူလှိုင်းဖြစ်ပေါ်မည်ဟု သတိပေးချက်များရှိနေကြောင်း၊ ကမ္ဘာ့နိုင်ငံကြီးများတွင်လည်း ရာသီဥတုဖောက်ပြန်မှုများကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်ကြုံတွေ့ရလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း အယ်လ်နီညိုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အပူချိန်လွန်ကဲမှုကြောင့် မြေအောက်ရေလျော့နည်း ကျဆင်းမှုများနှင့် ရေအရင်းအမြစ်ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေများအတွက် လိုအပ်သည့်ရေများကို ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်း၊ ရေကိုစနစ်တကျ အကျိုးရှိစွာအသုံးပြုစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ကြရန်နှင့် လိုအပ်ပါက မြစ်ချောင်းများတွင် မြေအောက်တမံများပြုလုပ်ပြီး မြေအောက်ရေကို ထိန်းသိမ်းသွားကြရန်နှင့် ကြိုတင်ပြင်ဆင်၍ ရသည်များကို ယခုကတည်းက စနစ်တကျဖြင့် စဉ်းစားပြင်ဆင်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ မလိုအပ်ဘဲ သစ်ခုတ်ခြင်းများကို တားမြစ်ကြရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းများကိုစည်းရုံးအားပေး စိုက်ပျိုးဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း။

ဥပဒေပြုရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ပြီး ဥပဒေပြုရေးတွင် လုပ်ဆောင်ရန်ကျန်ရှိနေသည်များ ရှိနေဆဲဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်မှ ဖြည့်စွက်၊ ပြင်ဆင်ရေးဆွဲရန်ကျန်ရှိနေသေးသည့် ကိစ္စရပ်များရှိနေဆဲဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း သက်ဆိုင်ရာနယ်ပယ်အလိုက် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များနှင့် တိုင်ပင်ဆွေးနွေး၍ ခေတ်စနစ်နှင့်လိုက်လျောညီထွေမည့်ဥပဒေများ ပြောင်းလဲပြင်ဆင်ရေးဆွဲနိုင်သည်များကို ပြန်လည်ပြင်ဆင်ရေးဆွဲပြဌာန်းနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြည်နယ်နယ်ဝန်ကြီးချုပ်များက ဒေသအလိုက်ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဒေသဝမ်းစာဖူလုံရေး ဆောင်ရွက်လျက်ရှိမှု၊ စားသုံးဆီများဖူလုံမှုရှိစေရေး ဆီထွက်သီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ပညာရည်မြင့်မားရေး ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် အပူရှိန်ပူပြင်းလာပြီး ဖြစ်ပေါ်လာနိုင်သည့် သောက်သုံးရေနှင့် စိုက်ပျိုးရေများ ရှားပါးပြတ်တောက်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများပြန်လည်အခြေချနေထိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှုနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်၏ ပညာရည်ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အခြေခံပညာမူလတန်းအဆင့် အခမဲ့မသင်မနေရပညာရေးစနစ်မှ အလယ်တန်းအဆင့် KG+9 အထိ မသင်မနေရ ပညာရေးအဖြစ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မူဝါဒတစ်ရပ်အနေဖြင့် ပြောကြားခဲ့ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အဆိုပါ နိုင်ငံတော်၏ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် ချမှတ်ထားခဲ့သည့်မူဝါဒကို အောင်မြင်အောင် စနစ်တကျဖြင့် အဆင့်ဆင့်ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာတတ်လူသားအရင်းအမြစ်များဖြင့်သာ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်သည့်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်ကို ကောင်းစွာသိရှိကြရန်လိုပြီး မိမိတို့အနေဖြင့် အလေးထား တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နေရုံဖြင့် မလုံလောက်ဘဲ ဆောင်ရွက်မှုများကို ပြန်လည်လေ့လာဆန်းစစ်ခြင်း၊ သုံးသပ်ခြင်း၊ ပိုမိုကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်ခြင်းများကို Check List များဖြင့် စဉ်ဆက်မပြတ် စစ်ဆေးသုံးသပ်ဆောင်ရွက်သွားမည်ဆိုပါက မလွဲမသွေအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ကလေးငယ်များ ပညာသင်ကြားရာတွင် အနည်းဆုံးအဆင့် KG+9 အထိ ရရှိအောင်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ထိုမှတဆင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိရေး နိုင်ငံတော်မှ ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းစာတတ်မြောက်မှုရှိပါက အသိအမြင်အတွေးအခေါ်များနှင့် စွမ်းရည်စွမ်းအားရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိလာမည်ဖြစ်ပြီး ပြည်သူများ၏လူမှုဘဝတိုးတက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း။

ပညာရေးနှင့် ဆက်စပ်၍ ဆင်းရဲမွဲတေမှုလျှော့ချရေးကိုလည်း မိမိတို့အနေဖြင့် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်ပါက ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံ့စီးပွားရေးကောင်းမွန်မှုရှိစေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဆင်းရဲမွဲတေမှုသည် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် ဆက်စပ်နေသဖြင့် မှန်မှန်ကန်ကန်နှင့် အမှန်တကယ်အလုပ်လုပ်ကြရန်လိုကြောင်း၊ နိုင်ငံ၏ ရှိရင်းစွဲအရင်းအမြစ်ကောင်းများကို အကျိုးရှိရှိအသုံးချ၍ ဆင်းရဲမွဲတေမှုလျှော့ချရေးကို ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ရာတွင် ပြည်သူများအလုပ်အကိုင်ရရှိရေးနှင့် အမှန်တကယ် အလုပ်လုပ်နိုင်ရေး ဖော်ဆောင်ပေးရမည်၊ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရမည်ကို ကောင်းစွာသိရှိပြီး အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း။

သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေအနေနှင့်အချိန်အခါကို ကောင်းစွာသိရှိနားလည်ပြီး လျော်ညီစွာ လုပ်ကိုင်ဆောင်ရွက်တတ်ကြရန်လိုကြောင်း၊ မိမိတို့၏လုပ်ငန်းကိစ္စရပ်များ၊ ပေးအပ်ထားသည့် ရည်မှန်းချက်များကို အောင်မြင်အောင် တွန်းအားပေး ကြပ်မတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း မြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့် အခြေခံအချက်အလက်များ၊ ကိန်းဂဏန်းအချက်အလက်များကို မှန်ကန်စွာသိရှိနိုင်မှသာလျင် မူဝါဒနှင့် လမ်းညွှန်ချက်များကို မှန်ကန်စွာ ချမှတ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးမှုနှင့်ပတ်သက်၍လည်း မသမာသည့် နည်းလမ်းများဖြင့် နိုင်ငံသားအဖြစ်ရရှိစေရေး၊ နိုင်ငံသားအယောင်ဆောင်ခြင်း၊ ဧည့်နိုင်ငံသားပြုခြင်းစသည်ဖြင့် ဆောင်ရွက်နေမှုများသည် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားရေးအန္တရာယ်ရှိသည့်ကိစ္စရပ်များဖြစ်သဖြင့် မျက်ခြည်မပြတ် ကြပ်မတ်စိစစ်ဖော်ထုတ်အရေးယူသွားရန်လိုကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို အပြည့်အဝကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိကြောင်း၊ နိုင်ငံတော်မှသတ်မှတ်ပြဋ္ဌာန်းထားသည့် နိုင်ငံသားဥပဒေကို သိရှိအောင်လေ့လာ၍ အဂတိတရားကင်းရှင်းစွာဖြင့် မှန်မှန်ကန်ကန် ကြပ်မတ်စစ်ဆေးလုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင်လည်း ကောက်ခံရရှိသည့် ဝင်ငွေခွန်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ရသင့်ရထိုက်သည့် အခွန်အခများ မှန်မှန်ကန်ကန်ရရှိရေးနှင့် အခွန်ရှောင်မှုများမရှိစေရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြို့၊ ရွာများ၊ ရုံးဌာနများ၊ ဆေးရုံများ၊ စာသင်ကျောင်းများအပါအဝင် မြို့ပြနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးတို့အတွက်လည်း လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းများကိုလည်း စနစ်တကျစည်းရုံးအားပေး ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


#News #Myanmar 

မူရင်းသတင်း — Myanmar National Post