Myanmar National Post

အေအိုင် က ဆိုရှယ်မီဒီယာတွေထက် ကလေးတွေကို ပိုပြီးအန္တရာယ်ဖြစ်စေတယ်လို့ ဆို


စက်တင်ဘာ - ၂၄ ( ကြာသပတေးနေ့ ) 

ဉာဏ်ရည်တု (အေအိုင်) နည်းပညာတွေဟာ ဆိုရှယ်မီဒီယာတွေထက်ကို ကလေးငယ်တွေအတွက် ပိုပြီး အန္တရာယ်ကြီးမားလာနိုင်တယ်လို့ ဂူဂဲလ် ရဲ့ လုံခြုံရေးဆိုင်ရာ အရာရှိဟောင်း တစ်ယောက်က သတိပေးလိုက်ပါတယ်။

ဂူဂဲလ်ရဲ့ ယုံကြည်စိတ်ချရမှုနဲ့လုံခြုံရေးအဖွဲ့ကို တည်ထောင်ခဲ့ပြီး ကုမ္ပဏီမှာ ၁၅ နှစ်တိုင်တိုင် လုပ်ကိုင်ခဲ့ဖူးတဲ့ တွမ်ဆီးဂျယ်က ဒီတစ်ပတ် ရိုက်တာ သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားရာမှာ နည်းပညာလုပ်ငန်းတွေဟာ ဆိုရှယ်မီဒီယာ ပေါ်ထွန်းလာစဥ်က ကျူးလွန်ခဲ့တဲ့ အမှားမျိုးတွေကို အခု အေအိုင် နဲ့ပါ ထပ်တလဲလဲ လုပ်နေကြတယ်လို့ ဆိုပါတယ်။

“ကလေးတွေအပေါ် အေအိုင် ရဲ့ သက်ရောက်မှုအနေအထားကို ကြည့်ရင် ကျနော်တို့ဟာ တကယ်ကို ဆိုးရွားတဲ့ အခြေအနေတစ်ခုထဲ ရောက်နေပါပြီ” လို့ Siegel က ပြောပါတယ်။ “ပြင်ပက အကူအညီ မပါဘဲနဲ့ ဒီနည်းပညာလုပ်ငန်းကြီးတွေ ကိုယ့်ဘာသာ အဆင်ပြေအောင် ဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့ အယူအဆက လုံးဝ လက်တွေ့မကျပါဘူး” လို့လည်း သူက ထပ်လောင်းပြောခဲ့ပါတယ်။

သူက အလွန်အမင်း ဆိုးရွားတဲ့ အန္တရာယ်အခြေအနေတွေကိုပါ သတိပေးခဲ့ပြီး၊ အဲ့ဒီထဲမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာ၊ စိတ်ပိုင်းဆိုင်ရာ ရူးသွပ်မှုတွေအပြင်၊ အေအိုင် ပေါ်မှာပဲ အဖြေမှီခိုအားထားနေရလို့ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း ကျဆင်းလာတဲ့ ‘ဦးနှောက်စွမ်းအား လျှော့ချသုံးစွဲခြင်း ’ ပြဿနာတွေအထိ ပါဝင်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ကလေးတွေ အေအိုင် ချတ်ဘော့တ် တွေကို မသုံးနိုင်အောင် အသက်စစ်ဆေးတဲ့ စနစ်တွေကို ပိုမိုတင်းကျပ်တာအပါအဝင် ချက်ချင်းလုပ်ဆောင်သင့်တဲ့ အရေးယူဆောင်ရွက်ချက်တွေကို လုပ်ဆောင်နိုင်သလို လုပ်လည်း လုပ်သင့်တယ်လို့ သူက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဂူဂဲလ် ဘက်ကတော့ သူတို့ရဲ့ အေအိုင် ရှာဖွေရေး အင်္ဂါရပ်တွေဟာ လူငယ်တွေ ပညာလေ့လာဖို့နဲ့ အချက်အလက်တွေ ရှာဖွေဖို့အတွက် အများကြီး အထောက်အကူဖြစ်စေတယ်လို့ ရိုက်တာ ကို ပြောခဲ့ပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးတွေ သူတို့ရဲ့ ရှာဖွေရေးအင်ဂျင် ကို လုံးဝသုံးလို့မရအောင် ပိတ်ပင်ထားလို့ရတယ်လို့လည်း ဂူဂဲလ် က ဆိုပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ရိုက်တာ ရဲ့ ဖော်ထုတ်ချက်အရ ထွက်ပေါ်လာတဲ့ မက်တာကုမ္ပဏီ  ရဲ့ အတွင်းရေးမူဝါဒ စာရွက်စာတမ်းတစ်ခုမှာတော့ သူတို့ရဲ့ ချတ်ဘော့တ်တွေအနေနဲ့ ကလေးငယ်တွေရဲ့ “အချစ်ရေးနဲ့ ပတ်သက်တာ ဒါမှမဟုတ် အာရုံခံစားမှုဆန်တဲ့” စကားစမြည်ပြောဆိုမှုတွေ ပြုလုပ်ခွင့်ပြုထားတယ်ဆိုတာ တွေ့ရှိခဲ့ရတဲ့အတွက် ကွန်ဂရက်ရဲ့ စုံစမ်းစစ်ဆေးမှုကိုပါ ခံခဲ့ရပါတယ်။


REF: RT

#News #Myanmar 

မူရင်းသတင်း — Myanmar National Post