
PDF အဖွဲ့ဝင် ၃၂ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ခြောက်ဦး၊ စုစုပေါင်း ၃၈ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်နယ်မြေအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် Local PDF အဖွဲ့မှ အမျိုးသား ၂၃ ဦး၊ ၎င်းတို့၏ မိသားစုဝင်အမျိုးသမီး ၃ ဦး၊ ဆားတောင်မိုးကြိုးအမည်ခံအကြမ်းဖက်အဖွဲ့မှ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦး၊ ၎င်းတို့၏မိသားစုဝင်အမျိုးသမီး ၃ ဦး၊ စုစုပေါင်း PDF အဖွဲ့ဝင် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၃ ဦး၊ မိသားစုဝင်အမျိုးသမီး ၆ ဦးတို့သည် စက်တင်ဘာ ၂၂ ရက်တွင် လက်နက်မျိုးစုံ ၁၃ လက်၊ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ နီးစပ်ရာနယ်မြေခံတပ်ရင်းသို့ ဆက်သွယ်သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စစ်ကိုင်းမြို့ရှိနယ်မြေခံတပ်မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး လိုအပ်သည်များ ကူညီထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းနှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေမှုရှိစေရေး လိုအပ်သည်များစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် PDF အဖွဲ့များအပါအဝင် အကြမ်းဖက်အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ဖိတ်ခေါ်ထားရှိပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့ကြရန်နှင့် ထိုသို့ဆက်သွယ်သတင်းပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများကို ပေးအပ်ချီးမြှင့်လျက်ရှိကြောင်း သိရသည်။