Myanmar National Post

ငွေပင်လယ်စက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲနေသည့် ဦးသိန်းနိုင်၏ “777” ပလတ်စတစ်စက်ရုံအား စစ်ဆေးဖော်ထုတ်ပြီး နိုင်ငံတော်အနေဖြင့် နစ်နာခဲ့သည့် ငွေကျပ် ၇ ဒသမ ၉၀၇ ဘီလီယံအား ပြန်လည်ပေးသွင်းစေပြီး ဥပဒေအရ အရေးယူဆောင်ရွက်




နေပြည်တော်၊ စက်တင်ဘာ ၂၄

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဓာတ်အားခိုးယူသုံးစွဲမှုများကို Control Center များမှ စောင့်ကြည့်စစ်ဆေး၍ စဉ်ဆက်မပြတ်ဖော်ထုတ်လျက်ရှိရာ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရွှေလင်ပန်း ငွေပင်လယ် စက်မှုဇုန်အတွင်း မြေကွက်အမှတ် (၇/B) ရှိ ဦးသိန်းနိုင်၏ “777” ပလတ်စတစ်စက်ရုံတွင် တပ်ဆင်ထားသည့် 2 MVA ထရန်စဖော်မာနှင့် တွဲဆက်တပ်ဆင်ထားသည့် မီတာတွင် Alarm ပေါ်နေသဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်၊ ခရိုင်၊ မြို့နယ် ပါဝင်သော ငါးဦးကော်မတီအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲထားကြောင်း သက်သေအထောက်အထားများဖြင့် စစ်ဆေးတွေ့ရှိရသဖြင့် မီတာအား ချက်ချင်းဖြုတ်သိမ်းခဲ့ပြီး နစ်နာဆုံးရှုံးခဲ့သော လျှပ်စစ်ဓာတ်အား ယူနစ် ၁၀ ဒသမ ၄၆၈ သန်း အတွက် ကျသင့်လျော်ကြေးငွေကျပ် ၇ ဒသမ ၉၀၇ ဘီလီယံအား ပြန်လည်ပေးလျော်စေရေးနှင့် လျှပ်စစ်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် သောင်ကြီးနယ်မြေရဲစခန်းတွင် စက်ရုံပိုင်ရှင် ဦးသိန်းနိုင်နှင့် စက်ရုံမန်နေဂျာ ဦးကြည်လှိုင်တို့အား အမှုဖွင့်အရေးယူလျက်ရှိသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ Control Center များ၏ နည်းပညာများအဆင့်မြှင့်တင်လာနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများ ပိုမို၍ဖော်ထုတ်လာနိုင်သည်နှင့်အမျှ လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ပြည်သူများကို ပိုမို၍တိုးမြှင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိသည်။

ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားကို စနစ်တကျသုံးစွဲကြရန်နှင့် ဓာတ်အားခိုးယူသုံးစွဲမှုများတွေ့ရှိပါက Call Center များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။


#News #Myanmar 

မူရင်းသတင်း — Myanmar National Post