Myanmar National Post

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကျိုးရှိမည့်လုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ကြိုးပမ်း


နေပြည်တော်၊ စက်တင်ဘာ ၂၄

ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၌ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၈ ရက်တွင် JSC Krutogorye-Petkovichi စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၏ နို့စားနွားခြံနှင့် အစာသိမ်းဆည်းသိုလှောင်မှုစနစ်နှင့် အစာကျွေးမှုစနစ်ကိုလည်းကောင်း၊ Mira OJSC "Mashpishcheprod" Mirabel-by လုပ်ငန်းစု၏ အာလူးစိုက်ပျိုးမှုနှင့် ထုတ်ကုန်များထုတ်လုပ်မှုကိုလည်းကောင်း လေ့လာခဲ့ကြသည်။

ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ Minsk International Exhibition Center (BELEXPO) တွင် ကျင်းပပြုလုပ်သည့် (၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဗိသုကာနှင့်ဆောက်လုပ်ရေးပြပွဲ "BUDEXPO-2026" သို့ တက်ရောက်လေ့လာခဲ့ကြပြီး ဘယ်လာရုစ်နိုင်ငံ၏ ပုဂ္ဂလိကစိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန် အခြေခံကုန်ထုတ်လုပ်ငန်းများ၊ ဗိသုကာလက်ရာမြောက် အဆောက်အအုံများနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များ၊ မြေယာရှုခင်းများကိုလေ့လာခဲ့ကြပြီး သက်ဆိုင်ရာတာဝန် ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကျိုးရှိမည့်လုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။


#News #Myanmar 

မူရင်းသတင်း — Myanmar National Post